အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်မျိုးကွဲသစ်ကူးစက်မှုတွေကို W.H.O စောင့်ကြည့်နေ

0
5590

ဒေလီ – ဧပြီ(၁၄) 

အိန္ဒိယနိုင်ငံအတွင်း လက်တလော ပြန်လည်မြင့်တက်လာတဲ့ ရောဂါကူးစက်မှုဖြစ်စဉ်တွေကို အစပြုစေခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Arcturus (အားကျူးရက်စ်) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က စောင့်ကြည့်နေပါတယ်။ 

မျိုးကွဲအသစ်ဟာ XBB 1.16 မျိုးကွဲဖြစ်ကာ ဇန်နဝါရီလနှောင်းပိုင်းကဖြစ်ခဲ့တဲ့ တခြားအိုမီခရွန် မျိုးကွဲနှစ်ခု ပေါင်းစပ်ထားတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ 

ဒီသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ကူးစက်မှုဖြစ်စဉ်တွေပြန်လည်မြင့်တက်လာတဲ့အတွက် ပြည်သူတွေနှာခေါင်းစည်း တပ်ဆင်ထားကြဖို့ နိုင်ငံရဲ့ ပြည်နယ်(၂) ခုမှာ အသိပေးထားပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မတ်လတည်းက စတင်ရင် အခုချိန်မှာ နှာခေါင်းစည်းတပ်ဆင်ဖို့ ညွှန်ကြား ချက်ဟာ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာ ပါ။ 

“ကျွန်ုပ်တို့အနေနဲ့ သတိရှိထားဖို့ လိုပေမယ့် စိုးရိမ်ဖို့တော့ မလိုပါဘူး။ လက်တလောနိုင်ငံအတွင်း မှာ ပျံ့နှံ့ကူးစက်လာတဲ့ အိုမီခရွန်မျိုးကွဲဟာ ဆေးရုံတက်ကုသရတဲ့ နှုန်းထားကိုတော့ မြင့်တက် စေနိုင်ခြင်း မရှိပါဘူး” လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးကပြောခဲ့ပါတယ်။ 

ဒါ့အပြင် လက်ရှိကိုဗစ်ကူးစက်လှိုင်းအသစ်ဟာ XBB 1.5၊1.9၊1.16 တို့ရောနှောပါဝင်တဲ့ XBB မျိုးကွဲအသစ်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက CNA ကိုပြောထားပါတယ်။ 

လက်ရှိကူးစက်မှုတွေမှာ ဆိုးရွားမှုကို မြင့်တက်စေတဲ့ သက်သေမတွေ့သေးဘူးလို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ(၂၉) ရက်နေ့က ကျင်းပခဲ့တဲ့ W.H.O ရဲ့ ကိုဗစ်ဆိုင်ရာ နည်းပညာဦးဆောင်သူ ဒေါက်တာဗန်မာရီယာက “လအနည်းငယ်လောက် ကူးစက်နေပါပြီး။ ကျွန်ုပ်တို့အနေနဲ့ တစ်ဦး ချင်းစီမှာရော၊ အများအပြားမှာရော ဆိုးရွားတဲ့ အပြောင်းအလဲတွေ မြင်တွေ့ရခြင်း မရှိပါဘူး။  သို့သော်လည်း ထိုမျိုးကွဲအသစ်သည် ကူးစက်မှုနှုန်းနှင့် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားတယ်”လို့  မှတ်ချက်ပြုထားပါတယ်။  

ကိုဗစ်မျိုးကွဲအသစ် “Arcturus” ကိုတခြားနိုင်ငံတွေမှာ တွေ့ရပေမယ့် ကူးစက်မှုဖြစ်စဉ်အများစု မှာ အိန္ဒိယမှဖြစ်ပြီး တခြားမျိုးကွဲတွေထက် ကူးစက်မှုနှုန်း ကျော်တက်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဗုဒ္ဓဟူးနေ့အထိ ကူးစက်မှုဖြစ်စဉ်(၄၀၂၁၅) ခုထိရှိခဲ့ပြီး တစ်ရက်အတွင်း ကူးစက်မှုဖြစ်စဉ် (၃၁၂၂) ဦးအထိ ရှိခဲ့ တယ်လို့ သိရပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.