မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာ

0
1482

နေပြည်တော်၊ မတ်(၂၃)

စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာတယ် လို့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီနိုင်ငံရေးပါတီ ၃၃ ပါတီမှာ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့်ပါတီ ၈ ပါတီရှိပြီး ကျန်တဲ့ ၂၅ ပါတီ ကတော့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးကြမယ့် နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ လူ့ဘောင်သစ်ပါတီ၊ရခိုင်အမျိုးသားပါတီ၊ကချင်အမျိုးသားကွန်ကရက်ပါတီနဲ့ အမျိုးသားနိုင်ငံ ရေး ဒီမိုကရက် တစ်ပါတီတို့ မတ် ၂၀ နဲ့ ၂၁ ရက်နေ့တို့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတာပါ။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာဖော်ပြချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၂၁ ရက်နေ့အထိ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပါတီတည်ထောင်ခွင့်အတွက် လျှောက် ထားတဲ့ ၆ ပါတီနဲ့ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ၂၇ ပါတီရှိလာပြီလို့ ဖော်ပြပါတယ်။

မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ ပါတီတွေကိုတော့ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်နေပြီး ဒီကနေ့အထိ ဘယ်နိုင်ငံရေးပါတီကိုမှ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာထားတာ မရှိသေးပါဘူး။

ပါတီမှတ်ပုံတင်ခွင့်ကိုတော့ မတ် ၂၈ ရက်နေ့ နောက်ဆုံးထားလျှောက်ကြဖို့ စစ်ကောင်စီက သတ် မှတ်ထားတဲ့အတွက် ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ဖို့ကျန်တဲ့ရက်ဟာ တစ်ပတ်တောင် မပြည့်တော့ပါဘူး။

ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ဆုံးဖြတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကတော့ လတ်တလောမှာ ပါတီမှတ်ပုံတင်ခွင့် လာရောက် လျှောက်ထားခြင်း မရှိသေးပါဘူး။

ပြီးတဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၂ နေရာအထိ အနိုင်ရရှိထားတဲ့ တိုင်းရင်း သား အင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကတော့ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သံလွင်တိုင်မ်းကို ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် လျှောက်ထားကြဖို့နဲ့ မလျှောက်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မယ်လို့ ပြဌာန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.