ပုလော၊ မတ်(၁)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးရွာထဲကို စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းမှာ လက္ကူးကျေးရွာထဲ ဝင်ရောက်လာပြီးနောက် နေအိမ်နဲ့ လမ်းပေါ်မှာရှိနေတဲ့ ဒေသခံတွေကို လိုက်လံဖမ်း ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပြီး တချို့ဒေသခံတွေကတော့ ဖမ်းဆီးခံလိုက်ရပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်မှာ အမျိုးသမီးအများစုပါဝင်ပြီး တချို့ကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်တာတွေရှိပေမယ့် အများစုကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ ဖမ်းဆီးထားတဲ့ ရွာသားတွေကို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပါက လူသားဒိုင်းအဖြစ် အသုံးချမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ လက္ကူးကျေးရွာဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားတာ ဖြစ်ပါတယ်။

လက္ကူးကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဒေသခံအများစုဟာ ရေလုပ်ငန်းလုပ်သ လို ဒေသခံအမျိုးသာတွေနဲ့ လူငယ်အများစုကတော့ ထိုင်း၊ မလေးရှားနဲ့နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ပုလောမြို့နယ်၊ သင်္ကန်းတောရွာကို စစ်ကြောင်းထိုးစဉ် ဒေသခံ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် နောက်တစ်ရက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.