နေပြည်တော်၊ မတ်(၁)

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက် ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီရှိနေပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅ ခု ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် နိုင်ငံရေးပါတီ ၈ ခုအထိ ရှိပြီး အဲဒီပါတီ တွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုတဝန်းလုံးကို စည်းရုံးမယ့် ၅ ပါတီရဲ့ အမည်တွေကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားခြင်း မရှိ သေးပေမယ့် စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ဟာ နိုင်ငံတဝန်းရှိ မြို့နယ်အတော်များများမှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ထားတာပါ။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ဖြစ်ရင် ပါတီမှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ ပြဌာန်းထားတာပါ။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦးရေအနည်း ဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်း ဖွင့်လှစ်ပြီးတဲ့ အထောက်အထားရှိရမယ်လို့ ဆိုပါတယ်။

ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)၊ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ရခိုင့်ဦးဆောင်ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီတို့လည်း ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.