စစ်တွေ၊ ဇန်နဝါရီ(၁)

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်ပြည်သူတွေကို ဖိအားပေးပြီး အတင်းအကျပ် နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ရှောင်းအရေးကူညီနေသူတွေနဲ့ နိုင်ငံရေးသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိအချိန်မှာ နှစ်ဖက်အပစ်ရပ်ထားလို့ တိုက်ပွဲတွေမရှိပေမယ့်လည်း စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ အဆင်မပြေတာ၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာနဲ့ စားဝတ်နေရေးအတွက် မူရင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အဆင်မပြေတာတွေ ရှိနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူတာ၊ စစ်ရှောင်ပြည်သူတွေကို အတင်းအကျပ်ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

“ရွာအများစုမှာ အိမ်တွေမရှိတော့ဘူးလေ။ ပတ်ဝန်းကျင်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတော့ဘူး။ တောတောင်ထဲသွားဖို့ဆိုရင် မိုင်းတွေရှိတယ်။ သူတို့စခန်းတွေရှိတယ်။ အပစ်အခတ်ရပ်စဲပြီး တစ်လအတွင်းမှာ အပြောင်းအလဲတွေ တော်တော်တန်တန်ရှိလာတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ လူစာရင်းတွေ ကောက်လာတယ်။ ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကို အတင်းအကျပ်နေရပ်ပြန်ခိုင်းတာတွေ ရှိလာတယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့ ဒုက္ခတော်တော်ရောက်နေကြတာပါ။ ဘာလို့ဆို ရခိုင်မှာ စစ်ဘေးနဲ့ပတ်သက်တဲ့ ပုံရိပ်တွေမရှိတော့ဘူး၊ ရွေးကောက်ပွဲကျင်းပလို့ရပြီလို့အားလုံးကမျှော်လင့်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီ ဖန်တီးလာနေတယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်” လို့ ဦးဖေသန်းက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အပစ်ရပ်ထားတာဖြစ်ပေမယ့် သေချာရေရာတဲ့ စာချုပ်ချုပ်ဆိုထားတာမျိုးရှိမနေတာကြောင့် တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရခိုင်ပါတီအချို့အတွက် ကောင်းမွန်တဲ့အခင်းအကျင်းဖြစ်လာနိုင်ပေမယ့် ပြည်သူတွေအရေးကို အရင်ဆုံးပြေလည်အောင်ဖြေရှင်းပြီးမှ လုပ်ဆောင်သင့်တယ်လို့လည်း ဦးဖေသန်းက မှတ်ချက်ပြုပါတယ်နှစ်ဖက်အပေးအယူလုပ်ညှိနှိုင်းထားလို့ တိုက်ပွဲတွေရပ်လိုက်ပေမယ့်လည်း ဒေသပြန်လည်တည်ဆောက် ရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်တာတွေ လိုအပ်နေသေးသလို လူသားချင်းစာနာထောက် ထားမှု အကူအညီတွေပေးနေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေကို ပြန်လည်ဝင်ရောက်ခွင့်ပေးဖို့လည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုအချိန်ကရွေးကောက်ပွဲလုပ်ချင်လို့ ဝုန်းဒိုင်းသာလိုက်လုပ်နေတာ ပြည်သူတွေဘာလုပ်စားမှာလဲ။ ပွင့်လင်းလာတာက ရက်သတ္တပတ် ဘယ်လောက်မှ မရှိသေးဘူးလေ။ အဲဒီမှာ ချက်ချင်းကြီး အဆင်ပြေပါတယ်လို့ ပြဖို့ကမလွယ်ဘူးဗျ။ ဒေသခံတွေရဲ့ ဘက်ကိုလည်း ဝင်ကြည့်ကြဦးဗျ။ ရွေးကောက်ပွဲတစ်ခုကို အတင်းအကျပ်လုပ်လို့ရမလားဗျ” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက်နေ့မှာ နှစ်ဖက်အပစ်ရပ်ခဲ့တာပါ။အပစ်အခတ်ရပ်လိုက်တာကြောင့် နေ့စဉ်သေဆုံး၊ ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာတွေ ရပ်တန့်သွားခဲ့သလို ရခိုင်မြောက်ပိုင်းမှာ ပိတ်ဆို့ထားတဲ့ ကုန်းလမ်း၊ ရေလမ်းကိုလည်း စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဆေးဝါးသယ်ယူခွင့်၊ လောင်စာဆီနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးပစ္စည်းသယ်ယူခွင့်နဲ့ အန်ဂျီအိုတွေ ကူညီသွားလာခွင့်ကိုတော့ ပိတ်ထားဆဲဖြစ်သလို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေလည်း ဒီနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးတာကြောင့် အခြေနေပြန်လည်တင်းမာပြီး တိုက်ပွဲ တွေထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.