ဘေဂျင်း၊ ဇန်နဝါရီ(၁)
တရုတ်နိုင်ငံအတွင်းရှိ ကိုဗစ်အခြေအနေတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အချိန်မီသတင်းအချက်အလက်တွေကို ပုံမှန်မျှဝေနိုင်ရေးအတွက် တရုတ်အစိုးရရဲ့ ကျန်းမာရေးအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေကို ဗိုင်းရပ်စ်မျိုးစိတ် ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ အချက်အလက်တွေကိုသာမက ဆေးရုံ တက်ကုသမှုတွေ၊ သေဆုံးမှုတွေနဲ့ ကာကွယ်ဆေးထိုးနှံခြင်းစတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေး နိုင်ဖို့ တောင်းခံထားတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေ မြင့်တက်လာရခြင်းမှာ နိုင်ငံတဝှမ်း ကိုဗစ်Zero မူဝါဒတွေ ကိုဖြေလျှော့ပြီး နောက်ဆက်တွဲနိုင်ငံတဝှမ်းမှာ စစ်ဆေးမှုတွေလျော့နည်းလာခြင်းကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။
တရုတ်အစိုးရဟာ ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် ရုန်းကန်နေရတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထပ်မံပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ပညာရှင်တွေကို ဗိုင်းရပ်စ်မျိုးကွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တင်ပြ နိုင်ဖို့အတွက် နည်းပညာအကြံပေးအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျင်းပနိုင်ရေးအတွက် ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။
ဘေဂျင်းဟာ Zero-COVID မူဝါဒတွေကို ဖျက်သိမ်းပြီးနောက် သူ့ရဲ့လူဦးရေအပေါ် PCR စစ်ဆေးခြင်းကို ပုံမှန်လုပ်ဆောင်ခဲ့ပြီး အခုလမှာတော့ တရုတ်နိုင်ငံတစ်ဝှမ်းမှာ COVID-19 ကူးစက်မှု မြင့်တက်လာခဲ့တာပါ။
အမေရိကန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်နဲ့ ထိုင်ဝမ်တို့ကတော့ တရုတ်နိုင်ငံကလာတဲ့ ခရီးသွား တွေအတွက် COVID-19 စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ဖို့ ချမှတ်ထားပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း တရုတ်အစိုးရရဲ့ ကိုဗစ်မျိုးကွဲတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို မျှဝေခြင်းမရှိတဲ့မူဝါဒကို အပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံအတွင်း ပြန်လည်မြင့်တက်လာတဲ့ ကူးစက်မှုတွေဟာ ဗိုင်းရပ်စ်ရဲ့မျိုးကွဲအသစ် ဖန်တီးခြင်းကနေ ဖြစ်ပေါ်လာရတာလု့ိ လည်း ပြောကြားထားပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးတန်းကျန်းမာရေးအရာရှိတွေဟာ ကိုရိုနာဗိုင်းရပ်စ် အသစ်နဲ့ ပတ်သက်ပြီး WHO နဲ့ အွန်လိုင်း ကွန်ဖရန့် အစည်းအဝေးတွေ ပြုလုပ်ထားပြီး လက်ရှိကူးစက်ရောဂါအခြေအနေ၊ ဆေးဝါးကုသမှု၊ ကာကွယ်ဆေးထိုးခြင်းနဲ့ အခြားနည်းပညာဆိုင်ရာကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
Ref; CNA

