တာလီဘန်တွေကြောင့် အာဖဂန်မှာ မိန်းကလေးငယ် ၈ သိန်းကျော် ကျောင်းထွက်ခဲ့ရ

0
8903

ဂျီနီဗာ ၊ စက်တင်ဘာ (၁၄) 

တာလီဘန်တို့ရဲ့  ဖိနှိပ်မှုအောက်မှာ အာဖဂန် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖိနှိပ်မှုတွေ များပြား လွန်းနေပြီး၊ လူ့အခွင့်အရေး ယိုယွင်းမှုတွေဖြစ်လာခဲ့ကာ နိုင်ငံဟာလည်း အာဏာရှင်စနစ်ကို ဆင်းသက်သွားပြီလို့ ကုလသမဂ္ဂ အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါ့အပြင် အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရစ်ချတ်ဘန်နတ် Richard Bennett က နိုင်ငံအတွင်းရှိ အစွန်းရောက်အယူအဆတွေကို ပြောင်းလဲပေးဖို့လည်း  တောင်းဆိုခဲ့တာပါ။

“အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေး အခြေအနေတွေဟာ ဆိုးရွာစွာနောက်ကြောင်းပြန်လာတာ၊  အတိုက်အခံတွေနဲ့ ဝေဖန်သူတွေကို ပစ်မှတ်ထား လက်စားချေခြင်းတွေအပြင်၊ တာလီဘန်တွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်တာတွေဟာ နိုင်ငံကို  အာဏာရှင်စနစ်ဆီကို သက်ဆင်းစေပါတယ်” လို့ သူက လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဖြုတ်ချခံ အစိုးရ ကိုယ်စားပြုတဲ့ အာဖဂန် သံအမတ်ကလည်း နိုင်ငံအတွင်း ကျား-မ ခွဲခြားဆက်ဆံမှု အကြောင်းကို ဖော်ပြခဲ့ပါတယ်။  လူ့အခွင့်အရေးလှုပ်ရှားသူ မဘူဘာ ဆာရချ် Mahbouba Seraj အပါအဝင် အာဖဂန်အမျိုးသမီး အများအပြားဟာ အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ယန္တရားတစ်ခု ထူထောင်ဖို့ အဖွဲ့ဝင် ၄၇ဦးပါတဲ့ ကုလ ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် တာလီဘန်တွေအနေနဲ့  အာဖဂန်နစ္စတန်က မိန်းကလေးငယ်တွေအတွက် အလယ်တန်းကျောင်းအများစုကို မတ်လမှာ ဖွင့်လှစ်ပေးမယ်လို့ ကတိပြုထားပေမယ့်လည်း ဩဂုတ်လ အာဏာ လွှဲပြောင်းရယူပြီးနောက်မှာပါ ဆက်လက်ပိတ်ထားခဲ့တာပါ။

လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်ကလည်း ယခုအချိန်အထိတိုင် မိန်းကလေး ၈၅၀,၀၀၀ ခန့် ကျောင်းထွက်ခဲ့ရပြီး ၎င်းတို့အနေနဲ့ ထိမ်းမြားလက်ထပ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စီးပွားရေးအရ အမြတ်ထုတ်ခံရခြင်း စတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အစိုးရများစွာက တရားဝင်အသိအမှတ်မပြုထားတဲ့  အုပ်ချုပ်မှုရေးအဖွဲ့ဖြစ်တဲ့ တာလီဘန်တွေဟာ အစ္စလာမ့်ဥပဒေနှင့်အညီ အစီအစဉ်ရေးဆွဲပြီးတဲ့အထိ ကျောင်းတွေကို ဆက်လက်ပိတ်ထားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ဖို့ လုပ်ပိုင်ခွင့်ကို ဂျီနီဗာအခြေစိုက် ကောင်စီက လွန်ခဲ့တဲ့တစ်နှစ်နီးပါးက စတင်ဖွဲ့စည်းခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ ဥရောပသမဂ္ဂက ဆုံးဖြတ်ချက်မူကြမ်းကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး အောက်တိုဘာ ၇ ရက်မှာ  ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်နိုင်ဖို့  မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.