မြဝတီ ၊ သြဂုတ် (၂၇)

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းပေါ်ရှိ ဥကရစ်ထလမ်းဆုံနေရာကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာကြောင့် သွားလာရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာတည်ရှိတဲ့ ဥကရစ်ထလမ်းဆုံနေရာကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စခန်းချတပ်စွဲထားပြီး ဒေသခံပြည်သူတွေရဲ့ ဖြတ်သန်းသွားလာခွင့်ကိုပါ ပိတ်ပင်တဲ့အပြင် ဖြတ်သန်းသွားလာပါက ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလို စစ်ကောင်စီတပ်က ဥကရစ်ထလမ်းဆုံနေရာမှာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် ဒေသခံတွေ ဝေါ်လေဒေသဘက်ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့နဲ့ ကုန်ပစ္စည်းတွေသွားရောက်ဝယ်ယူဖို့အတွက် အခက်အခဲများစွာကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဥကရစ်ထလမ်းဆုံကို ပိတ်ရင် ဝေါ်လေလမ်းအပိုင်းက ကနဲလေး ဝေါ်လေခီးကျေးရွာတို့က အခက်အခဲသိပ်မရှိပေမယ့် စုကလိမ်လမ်းအပိုင်းက ကျေးရွာဖြစ်တဲ့ စုကလိ တမောထာ ကွီတာအုစတဲ့ရွာတွေ စာရေးသောက်ရေးအခက်အခဲ အများကြီးဖြစ်သွားပြီ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဥကရစ်ထလမ်းဆုံအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ဇွန်လပိုင်းက KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်သလို အနီးအနားကျေးရွာက ဒေသခံတွေကလည်း စစ်ရေးအခြေအနေကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

မြဝတီ-ဝေါ်လေ လမ်းပိုင်းမှာရှိတဲ့ ဝေါ်လေဒေသအနီး ဥကရစ်ထဘက်မှာ စစ်ရေးတင်းမာမှုတွေရှိနေသလို မြဝတီ-ဝေါ်လေ လမ်းပိုင်းက သုံးထပ်ကွေ့နေရာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်စိုးမိုးနိုင်ဖို့အတွက် အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၉၀၀၀၀ ကျော်အထိ ရှိလာတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.