မော်လမြိုင် ၊ သြဂုတ် (၂၆)

စစ်ကောင်စီက သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ အပါအဝင် ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် သြဂုတ် ၂၆ ရက်နေ့မှာ ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း စံချိန်တင် ထပ်မံ မြင့်တက်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပေမယ့် ပြည်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ကျပ် ၃၁၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ဈေးနှုန်းကလည်း ဒေါ်လာဈေးနှုန်းနဲ့အတူ ဆက်လက် မြင့်တက်လာတာ ဖြစ်ပြီး သြဂုတ် ၂၆ ရက်နေ့မှာ တစ်ဘတ်ကို ၈၉ ကျပ်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘတ်ဈေးနှုန်းဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ပို့ကုန် တင်ပို့မှု ကျဆင်းလာတာ၊ ဘတ်ငွေ လိုအပ်ချက် များပြားလာတာ၊ ဒေါ်လာဈေးနှုန်း မြင့်တက်လာတဲ့အတွက် ဘတ်ဈေးနှုန်း လိုက်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်လာဈေးနှုန်းကတော့ စစ်ကောင်စီဘက်က ဒေါ်လာအလုံအလောက် မရောင်းချပေးနိုင်တာအပြင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပြင်ပပုဂ္ဂလိကဘဏ်တွေမှာ ဒေါ်လာဝယ်ယူနေတဲ့ စာရင်းပေးပို့ဖို့ ညွှန်ကြားလာတဲ့အတွက် ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ဒေါ်လာဈေးနှုန်းနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေဈေးနှုန်းကလည်း တစ်ကျပ်သား ကျပ် ၂၈ သိန်းကျော်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းမသိမ်းခင် NLD အစိုးရလက်ထက်တုန်းက တစ်ဒေါ်လာကို ကျပ် ၁၃၀၀ လောက် ပေါက်ဈေးရှိခဲ့ပြီး ဘတ်ဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ် ၄၀ ဝန်းကျင်သာ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.