ကျိုက်ထို ၊ သြဂုတ် (၂၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာ၊ မရမ်းချောင်အောက်စု၊ ဥသျှဉ်ခြံကွေ့ ရတနာငွေမိုးပန်းဆိုင်လမ်းကြားမှာ စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၂၆ ရက်နေ့ မနက် ၆ နာရီလောက်က ဥသျှဉ်ခြံကွေ့ ရတနာငွေမိုးပန်းဆိုင်လမ်းကြားမှာ မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေး လုပ်ဖို့ လာရောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိုင်းရှင်းလင်းရေး လုပ်ဖို့ လာရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဟိုက်ဂျက်ယာဉ်နဲ့ ကျိုက်ထိုမြို့ထဲ ပြန်လည် သယ်ဆောင်သွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးအနားက ဒေသခံ ၂ ဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဒေသခံပြည်သူ ၂၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.