မြဝတီ ၊ သြဂုတ် (၆)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ပြီး အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာတယ်လို့ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ပိုများလာတာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း KNU ထိန်းချုပ်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၃ သိန်းကျော်ထိ တိုးလာတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်းနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ လုံးဝအသိအမှတ်မပြုဖို့၊ စီးပွားရေးပိတ်ဆို့ဖို့၊ စစ်လက်နက်တွေမရောင်းချဖို့အတွက် တောင်းဆိုတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ပြောခွင့်ရ နောဝါးခူးရှီးက ပြောပါတယ်။

“ ပြည်သူလူထုတွေကို အရင်လိုပဲ ပစ်မှတ်ထားလာတယ်။လေယာဥ်ဗုံးကြဲတာတွေ ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဒဏ်ရာ ရသူတွေ ၊ သေဆုံးသူတွေက ပိုပြီးများလာတယ်။ နိုင်ငံတကာကို စီးပွားရေး ပိတ်ဆို့ဖို့နဲ့ လက်နက်တွေ မရောင်းပေးဖို့ ကျွန်မတို့ တောင်းဆိုထားပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကေအဲန်ယူရဲ့ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာလည်း စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံအရပ်သားပြည်သူ(၁၆၀၀၀၀)နီးပါး ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အရပ်သား(၁၅)ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲအတွင်း တွေ့တဲ့သူအမျှ အကုန်သတ်တဲ့ ပုံစံမျိုးနဲ့ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်လာတယ်လို့ ပြောပါတယ်။

“ တိုက်ပွဲအခြေအနေနဲ့ စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီက တွေ့တဲ့သူ အကုန်သတ် ပုံစံမျိုးလုပ်နေတယ်။ ဒါကြောင့် ပြည်သူလူထုတွေက လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲက စစ်ရေးပဋိပက္ခကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.