သထုံ ၊ သြဂုတ် (၆)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝမ်းဘဲအင်း အလယ်ရွာအနီးမှာ ရိက္ခာလာထုတ်တဲ့ စစ်ကောင်စီတပ် မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် KNLA တပ်မှူး တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က သထုံမြို့နယ်မှာ ရိက္ခာလာထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီ စကခ(၈) လက်အောက်ခံ ခလရ(၄၀၁)နဲ့ခမရ(၄၁၀)တပ်ဖွဲ့ဝင် အင်အား ၃၀ လောက်ဟာ အလယ်ရွာအနီးမှာ မိုင်းထိခဲ့တာ ဖြစ်ပါတယ်။

မိုင်းထိခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သထုံခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မှူး တစ်ဦးက ပြောပါတယ်။

သထုံမြို့နယ် စစ်ကောင်စီ စကခ(၈)ထံ ရိက္ခာလာထုတ်တဲ့တပ်တွေ ဘီးလင်းမြို့နယ် လေကေးနဲ့ ဝင်းတာပန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ တပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းထိခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ပိန္နဲတောဘုန်းကြီးကျောင်းမှာ ဝင်ရောက် နေထိုင်ပြီးနောက် သြဂုတ် ၄ ရက်နေ့မှာ စခန်းထံ ပြန်လည် ထွက်ခွာသွားတာပါ။

ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေ သူတို့စခန်းကို လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.