ရေး ၊ သြဂုတ် (၆)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ လဝကရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ရေးမြို့နယ် လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တာပါ။

လက်ရှိမှာတော့ ရေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကြပ်ထားသလို မြို့အဝင်အထွက်တွေမှာလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။“

တိုးမြင့်ပြီး ချထားတာ တွေ့တယ်၊ စစ်ဆေးရေးပိတ်ဆို့တာတွေ လုပ်နေတာ တွေ့တယ်။

မြို့အဝင် မြို့အထွက်တွေပေါ့၊ နောက်ပြီး မြို့လယ်ခေါင်က မီးပွိုင့်တွေနေရာမှာ စစ်တာ တွေ့တယ်။

ဖုန်းစစ်တာတို့ နောက်ပြီးတော့ ဆိုင်ကယ်လိုင်စင် ရှိ၊ မရှိ စစ်တာတို့ ၊ ယာဉ်မောင်းလိုင်စင်စစ်တာတွေ ရှိတာပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရေးတံတားကြီးထိပ် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး မီးရထားလမ်းပိုင်းနေရာတွေမှာလည်း မကြာခဏ စစ်ဆေးတာတွေ ရှိနေတာပါ။

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတာကြောင့် မြို့တွင်းသွားလာရာမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။“သူတို့ကို ကြောက်ရတယ်၊ဖမ်းခံရမလားလဲ မသိဘူးလေ။

ဖုန်းပဲ စစ်တာလား၊ဆိုင်ကယ်ကိုပဲ ဖမ်းတာလား၊ လိုင်စင်ဖမ်းတာလား၊ယာဉ်မောင်းလိုင်စင် ဖမ်းတာလား။

အဲဒီလိုမျိုး ဖြစ်နေတယ်ဆိုတော့လေ။သူတို့က ဘာကိုစစ်လို့ စစ်မှန်းကို မသိဘူး။တစ်ခါတစ်လေကျရင် လက်နက်တွေ စစ်တယ်ပေါ့။

ကိုယ့်မှာ လက်နက်တွေ ပါလား၊သူတို့ စစ်တယ်။တစ်ခါတစ်လေကျလို့ ရှိရင် ဖုန်းစစ်တယ်၊ ယာဉ်မောင်းလိုင်စင် စစ်တယ်”လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်မှာတော့ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ညမထွက်ရအမိန့်ကိုလည်း ည ၈ နာရီကနေ နံနက် ၄ နာရီအထိ သတ်မှတ်ထားသလို ညဘက်ပိုင်းတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေ ဝတ်ဆင်ပြီး အိမ်စီးကားနဲ့ လုံခြုံရေး ကင်းလှည့်တာတွေ ရှိတယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။

ရေးမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ မြို့မရဲစခန်းအပါအဝင် စည်ပင်ရုံး၊မြို့နယ်လဝကရုံးနဲ့ My Tel တာဝါတိုင်တွေကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.