မော်လမြိုင် ၊ သြဂုတ် (၆)

မွန်ပြည်နယ်၊ မော်လမြိုင် ရွှေဈေးကွက်မှာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၄ သိန်းခွဲကျော်ထိ စံချိန်တင်မြင့်တက်လာပြီးနောက် အရောင်းအဝယ် ရပ်တန့်လု နီးပါး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးအပတ်က တစ်ကျပ်သား ကျပ် ၂၂ သိန်း ဝန်းကျင်သာ ရှိခဲ့တဲ့ မီးလင်းအခေါက်ရွှေဟာ သြဂုတ် ၅ ရက်နေ့မှာတော့ ကျပ် ၂၄ သိန်းခွဲကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ဒေါ်လာကန့်သတ်ချက်ကြောင့် ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်ပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်တာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်ပြီး ဈေးနှုန်း တည်ငြိမ်မှု မရှိတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်လု နီးပါး ဖြစ်လာတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းအခေါက် ရွှေတစ်ကျပ်သား ကျပ် (၂၀၈၀၀၀၀) နဲ့ ရောင်းချဖို့ ထုတ်ပြန်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ ကျပ် ၂၄ သိန်းခွဲကျော်ထိ စံချိန်တင်မြင့်တက်နေတာပါ။

ရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်တုန်းက ကျပ် ၁၃ သိန်း ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း (၂)ဆ နီးပါး မြင့်တက်လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.