ကျိုက်ထို ၊ ဩဂုတ်(၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်း နေအိမ် အပါအဝင် PDF ရဲဘော် ၂ ဦးရဲ့ နေအိမ် ၃ လုံးကို စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က ကျိုက်ထိုမြို့ ကံကော်ရပ်ကွက်ရှိ ကိုအေးမင်းထွန် နေအိမ်၊ တောင်သူစုရပ်ကွက်ရှိ PDF ရဲဘော် ကိုစံလင်း နေအိမ်၊ သိမ်ဇရပ်မြို့ရှိ PDF ရဲဘော် ကိုဝင်းကိုတို့ရဲ့ နေအိမ်တွေကို လာရောက် ချိတ်ပိတ်သွားတာပါ။

စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတာကြောင့် နေအိမ်တွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တဲ့အတွက် ချိတ်ပိတ်ရတာလို့ ကြေညာထားပါတယ်။

စစ်ကောင်စီဟာ ကိုအေးမင်းထွန်းကို ပုဒ်မ ၅၀၅ က၊ ၅၀(ည)အပြင် အမှုပေါင်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ထားသလို ကိုဝင်းကိုနဲ့ ကိုစံလင်းတို့ကိုလည်း ပုဒ်မ ၅၀၅(က)အပါအဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့ ကိုအေးမင်းထွန်းဟာ စစ်တပ် အာဏာမသိမ်းခင်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို စစ်တပ် အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့တာပါ။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် NLD ပါတီကိုယ်စားလှယ်တွေ၊ NLD ပါတီထောက်ခံသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ် ၈ လုံးထက်မနည်း ချိတ်ပိတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.