အမျိုးသားရုပ်မြင်သံကြားတင်ဆက်သူတွေက တာလီဘန်ကို ဆန့်ကျင်ပြီး (Mask) တပ်ကာ သတင်းတင်ဆက်

0
5058

ကဘူးလ် – မေ(၂၇)

အာဖဂန်ရုပ်မြင်သံကြားတစ်ခုက သတင်းတင်ဆက်သူ နီဆာနာဘီလ်ဟာ သတင်းတင်ဆက်မှု မစတင်မီ တာလီဘန်အာဏာပိုင်တွေက အမျိုးသမီး အစီအစဉ်တင်ဆက်သူတွေရဲ့ မျက်နှာ ကိုဖုံးအုပ်ထားဖို့ အမိန့်ပေးထားတာကို ဆန့်ကျင်တဲ့အနေနဲ့ အနက်ရောင် (Mask) ဝတ်ဆင်ပြီး တင်ဆက် ခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ အဓိက ပုဂ္ဂလိက ရုပ်မြင်သံကြားချန်နယ်ဖြစ်တဲ့ TOLO News မှာ အလုပ်လုပ်နေတဲ့ နာဘီလ်က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတွေကို ထောက်ခံဖို့ အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။ 

“ကျွန်တော်တို့ရဲ့ တိုက်ရိုက်သတင်းထုတ်လွှင့်မှုတွေ သို့မဟုတ် နိုင်ငံရေးဆိုင်ရာရှိုးပွဲတွေမှာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားတာဖြစ်ပါတယ်” လို့ သူက AFP ကိုပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နှစ် အာဏာကိုချုပ်ကိုင်ပြီးချိန်ကစပြီး တာလီဘန်တွေဟာ သူတို့ရဲ့ ပြင်းထန်တဲ့ အစ္စလာမ် မစ်စည်းကမ်းတွေကို လိုက်နာဖို့ အတွက် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကန့်သတ်မှုတွေချမှတ်ခဲ့တာပါ။

အာဖဂန်နစ္စတန် ထိပ်တန်းခေါင်းဆောင် ဟိုက်ဘတ်တူလာ အက်ခွန်ဇာဒါဟာ အမျိုးသမီး တွေကို အများပြည်သူရှိတဲ့နေရာတွေမှာ မျက်နှာအပါအဝင် ရိုးရာ ဘူကာ အပြည့်အဝဖုံးကာထားဖို့ အမိန့် ထုတ်ပြန်ထားပြီး အဲ့ဒီအမိန့်ကို ကနဦးဖီဆန်မှုအဖြစ် TOLO News၊ Shamshad TV နဲ့ Ariana လို ရုပ်မြင်သံကြားချန်နယ်တွေက အမျိုးသမီးတင်ဆက်သူတွေဟာ သူတို့ရဲ့ မျက်လုံး တွေကိုသာမြင်နိုင်တဲ့ ဟီဂျဘ်အပြည့်နဲ့ ဦးခေါင်းခြုံအဝတ်တွေကို ဝတ်ဆင်ထား ကြပါတယ်။

အမျိုးသားတင်ဆက်သူတွေကလည်း အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေနည်းတူ အနက်ရောင် (Mask) တွေဝတ်ဆင်ပြီး အစီအစဉ်တွေကို ထုတ်လွှင့်နေကြပါတယ်။ 

“တာလီဘန်တွေက ဒီကန့်သတ်ချက်တွေနဲ့ မီဒီယာတွေကို ဖိအားတွေ ပေးချင်တာ၊ မီဒီယာတွေကို သူတို့ရဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်စေချင်တာ” လို့ နာဘီလ်က ပြောပါတယ်။ 

တာလီဘန်ခေါင်းဆောင်တွေကတော့ အမျိုးသမီးတင်ဆက်သူတွေကို ကန့်သတ်ထားတဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းဖို့ မရှိတဲ့အခြေအနေလို့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။ 

“ အစ္စလာမ့် ဟီဂျပ်တွေ ၀တ်ဆင်တာဟာ အဆင်ပြေပေမယ့် နှာခေါင်းစည်းတွေနဲ့ သုံးလေး နာရီကြာတဲ့ အစီအစဉ်ကို လုပ်ရတာ အဆင်မပြေဘူး၊ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး ဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ မျှော်လင့်ပါတယ်” လို့ ရုပ်သံလိုင်းတစ်ခုရဲ့ အယ်ဒီတာချုပ်က ပြောပါတယ်။

တာလီဘန်အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ က လည်စည်းဝတ်ခိုင်းတာ မှန်တယ်ဆိုရင် ဟီဂျပ်ဝတ်ခိုင်းတာ ဘာကြောင့်မှားတာလဲလို့ သူ့ရဲ့ လူမှုကွ်နယက်စာမျက်နှာမှာ ရေးသားထား ပါတယ်။ 

တာလီဘန်အာဏာပိုင်တွေဟာ အမျိုးသားအစီအစဉ်တင်ဆက်သူတွေကိုလည်း အလားတူ သတ့်သတ် မှုတွေသတ်မှတ်ဖို့ အချိတ်တစ်ခုသာ လိုတော့တဲ့အခြေအနေမှာ ရှိတယ်လို့ 1 TV ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူ မိုဟစ်ဘ် ယူဆူဖီက ပြောခဲ့ပါတယ်။ 

“အမျိုးသား တင်ဆက်သူ တော်တော်များများက ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိလာမှာကို စိုးရိမ်နေပါတယ်။ ကျွန်တော်လည်း စိုးရိမ်ပါတယ်” လို့ ယူဆူဖီက ပြောကြားခဲ့ပါတယ်။ 

နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ အမျိုးသမီးတင်ဆက်သူမရှိပေမယ့် အာဖဂါနီ ရှာလာဝါ ကာမီးစ် ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတင်ဆက်သူတွေက အစီအစဉ်တွေကို ထုတ်လွှင့်နေပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.