မော်လမြိုင်- ဧပြီ(၉)
ချင်းပြည်နယ် ပလက်ဝမြို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မတရားအမိန့်ချခံလိုက်ရသူ(၂၇) ယောက်ကို စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့တွေကို ဧပြီလဆန်းပိုင်းအထိ ပလက်ဝမြို့နယ်တရားရုံးက အမိန့်အသီးသီးချမှတ်ခဲ့တာဖြစ်ပြီး စစ်တွေထောင်ကို ဧပြီလ(၇)ညနေပိုင်းမှာ စစ်တွေထောင်ကိုရောက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
“ပြစ်ဒဏ်ကျခံရတဲ့သူတွေက သူတို့လုပ်လို့ ကျခံရတယ်ဆိုရင် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ အခုက အမိန့်ချခံလိုက်ရတဲ့သူတွေက လူသားချင်းစာနာထောက်ထားလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သူတွေပါ ဘာသက်သေအထောက်အထားမှမရှိပဲ သူလိုလိုချင်သလိုစွဲပြီး အမိန့်ချတာကတော့ လူ့အခွင့်အရေးနဲ့လည်း မညီပါဘူး” လို့ မိသားစုဝင်တစ်ယောက်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်တွေထောင်ပို့ခံရသူတွေဟာ ဗုံးခွဲတယ်ဆိုတဲ့သံသယနဲ့ဖမ်းဆီးခံရတဲ့သူ(၄)ယောက်၊ နယ်မြေခံ စစ်တပ်ရင်းမှာ အလံဖြူထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဌာနတွေကိုဖြေဆိုသူ (၁)ယောက်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF) ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ (၁၆)ယောက်အပါအဝင် လူ(၂၇) ယောက်ရှိတယ်လို့သိရပါတယ်။
စစ်တွေထောင်ပို့ခံသူတွေထဲမှာ အမျိုးသား(၂၅) ယောက်နဲ့အမျိုးသမီး (၂) ယောက်ဖြစ်တယ်လို့ သိရပါတယ်။
သတင်း_သံလွင်တိုင်းမ်
ဓာတ်ပုံ_ CJ