မော်လမြိုင်- ဧပြီ(၉)

စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်းမှာ မဂ္ဂဇင်း(၁)အုပ်နဲ့ သတင်းဌာန (၁၁) ခုတို့ကို လုပ်ငန်း ပိတ်သိမ်းပြီး လိုင်စင်ရုပ်သိမ်းအရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မတ်လကစပြီး ခေတ်သစ်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ မြန်မာနောင်း သတင်းဌာနနဲ့ 7 Day သတင်းဌာနတွေကို ပိတ်သိမ်းပြီး သတင်းမီဒီယာဖိနှိပ်မှု စတင်လုပ် ဆောင်ခဲ့တာပါ။

“မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကိုကြောက်တော့ ဖိနှိပ်နေမှာပဲ စစ်မှန်တဲ့အစိုးရမဟုတ်တော့ မစစ်မှန်တာတွေပဲလုပ်နေမှာက အသေအချာပဲလေ” လို့ ခေတ်သစ်သတင်း ဌာန အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်က သံလွင်တိုင်းကိုပြောပါတယ်။

ဒါ့အပြင်ခေတ်သစ်သတင်းဌာနကို ရည်ရွယ်ချက်ရှိရှိပုံဖျက်နေတာတွေနဲ့ပတ်သက်ပြီး လူထုယုံကြည်မှုကို အလွယ်တကူ ဖျက်ဆီးလို့မဖြစ်နိုင်ဘူးလို့ သူကပြောပါသေးတယ်။



စစ်ကောင်စီရဲ့ ပိတ်သိမ်းဖို့စာထုတ်ထားတဲ့ တခြားသတင်းဌာနတွေကိုလည်း သံလွင်တိုင်းမ်းက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။

“အခု လိုင်စင်ပိတ်သိမ်းတဲ့ ကိန်းဂဏန်းမှာ မြင်ရတဲ့အရေအတွက်ထက် ဖမ်းဆီးမှုတွေကြောင့် သတင်း မီဒီယာ နယ်ပယ်မှာ သက်ရောက်မှုက ပိုများတယ်လို့ မြင်ပါတယ်။ နောက် တချက်က ပုံနှိပ်စက်၊ ထုတ် ဝေခွင့် လိုင်စင်သိမ်းတာတွေက သတင်းလွတ်လပ်ခွင့် ထက်ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် တွေကိုပါ ဆင်ဆာ ကန့်သတ်မှုပို လုပ်လာတဲ့ သဘောလို့ ယူဆပါတယ်” လို့ သတင်းမီဒီယာကောင်စီဝင် ဟောင်းဦးမြင့်ကျော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကြောင့် သတင်းအလုပ်ကို စွန့်ခွါသွားတဲ့သတင်းထောက်တွေရှိနေ သလို ရပ်နားလိုက်ရတဲ့သတင်းဌာတွေဟာလည်း ဆယ်နဲ့ချီရှိနေတယ်လို့ သူကပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား(၁၁၅) ယောက်အထိရှိနေပြီး အဲ့ဒီထဲမှာ (၁၄) ယောက်ကိုအမိန့်ချထားပြီး စစ်ကြောရေးမှာ သေဆုံးသွားသူတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.