လေးကေကော်၊ မတ် ၂၉
ကေအဲန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ထိုင်းဘက်ကို ထပ်မံထွက်ပြေး တိမ်းရှောင်ရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
မတ်လ ၂၇ ရက်နေ့က ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေ တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား နာရီအတော်အကြာ တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ် နှစ်ကြိမ် လာရောက် ပစ်ကူးပေးခဲ့တာပါ။။
လေယာဉ်နဲ့ လာပစ်တဲ့ စစ်ကောင်စီ ကျည်ဆံတွေဟာ ဘလဒို့ကျေးရွာအနီးမှာ ကျရောက်ခဲ့တဲ့ ဘလဒို့ကျေးရွာက အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၂၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ ရတာဖြစ်ပြီး တချို့ကတော့ သောင်ရင်းမြစ်ကိုကူးဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဒါ့အပြင် ကေအဲန်ယူ ဒူးပလာယာခရိုင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ထီးကပလယ်၊ သဝေါသောနဲ့ ဥကရိခီးကျေးရွာ သုံးရွာက ဒေသခံပြည်သူ ၃၀၀ ကျော်ဟာလည်း ဝေါ်လေ စုကလိအနီးကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်နားမှာ တိမ်းရှောင်နေရပြီး သောက်သုံးရေ ဆေးဝါးနဲ့ နေရာထိုင်ခင်း အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေ အနေကြောင့် လတ်တလောမှာ ဒေသခံအရပ်သားပြည်သူ ၃၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်