မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂)

 လေးကေကော်တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အစားအသောက်နဲ့ ဆေးဝါးအပြင် အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

လေးကေကော်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းဘက်ကို ဖြတ်မကူးသေးပဲ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနားမှာ ယာယီခိုလှုံနေတဲ့ စစ်ရှောင်ဦးရေ ၂၀၀၀ ဝန်းကျင်ထိ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီမှာရှိတဲ့ စစ်ရှောင်တွေအတွက် အစားအသောက် ဆေးဝါး အမိုးအကာ ကလေးအသုံးအဆောင်ပစ္စည်းနဲ့ အာဟာရဖြည့်စွက်စာတွေ လိုအပ်နေတယ်လို့ မဲဆောက်အခြေစိုက်ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ရှိသူ ဦးမျိုးဇော်က အခုလို ပြောပါတယ်။

“ ဒုက္ခသည်တွေမှာ ကလေးသူငယ်တွေရော သက်ကြီးရွယ်အိုတွေရောပါတော့ ကျန်းမာရေး ပြဿနာတော့ ရှိတယ်။ သောင်းရင်းမြစ်ကမ်းဆိုတော့ နေပူတယ်။ အဓိကတော့ အစားအသောက်နဲ့ အဝတ်အထည်တွေ ၊ ရာသီဥတု ဒဏ်ခံနိုင်မယ့် စောင်ခြင်ထောင်တွေပေါ့။ ကလေးမွေးဖွား ထားသူတွေလည်းပါတော့ ဖြည်စွက်စာတွေ ၊ အနှီးတွေလည်း လိုတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ထိ ရှိလာခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံကတော့ စစ်ရှောင်ပြည်သူ ၄၀၀၀ နီးပါးကို စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိရောက်တဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.