မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂)

 ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့လို့ ထိုင်းက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်ပစ္စည်း တင်ပို့ဖို့ အခက်အခဲတွေ ရှိလာပြီး မြဝတီ ကုန်သွယ်ရေးဇုန်မှာလည်း ကုန်တင်ကား ရာနဲ့ချီ ပိတ်မိနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်းဝင်ရောက်မှု ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ထိုင်းနိုင်ငံက တင်းသွင်းနေတဲ့ အခြေခံစားသောက်ကုန်တွေ ဈေးကွက်မှာ ပြတ်လတ်ပြီး ကုန် ဈေးနှုန်း ထပ်တက်လာဖို့ ရှိတယ်လို့ ကုန်သည်တစ်ဦးက အခုလို  ပြောပါတယ်။

“အခြေခံ စားကုန်တွေပေါ့ ဆီကအစ အခြေခံ စားကုန်တွေက တရားဝင် ဝင်ရောက်လာတာ နည်းတယ်၊ ဒေသတွင်းမှာ စာနေတဲ့ ဟာတွေက ဒီလိုပဲ ဟိုဘက်ဒီဘက်နဲ့ ဝင်နေတာ များတဲ့အချိန်မှာ ဒီလိုသာ ဆက်ဖြစ်နေမယ် ဆိုလိုရှိရင် ဥပမာပေါ့ဗျာ အရင်တုန်းက ဆိုရင် ခေါက်ဆွဲခြောက် တစ်ထုတ် (၂၅၀)ပဲ ရှိတယ်၊ အခု တွက်ကြည့်လိုက် (၄၀၀)ရှိတယ်၊ ကျွန်တော်တို့ ဝယ်နေတာ၊ ဒီလိုသာ ဆက်ပြီး ဖြစ်မယ်ဆိုရင်တော့ ခေါက်ဆွဲခြောက် တစ်ထုတ်က (၅၀၀) ဖြစ်သွား လိမ့်မယ်၊ ဘတ်ဈေးကလည်း တစ်ခါ ထပ်ပြီးတော့ တက်လာမှာပဲ ဟိုဘက်မှာ ဆိုရင် ဘတ်ဈေးတက်လာမယ် ထိုင်းကုန်စည် စီးဆင်းမှု နှေးသွားမယ်၊ နှေးပြီးတော့မှ သယ်ယူပို့ဆောင်ရေး ခက်တဲ့ အတွက်ကြောင့် မို့လို့ ပိုပြီးတော့မှ ကျွန်တော်တို့တွေက ဈေးတက်လာမယ် ဆိုတဲ့ အနေအထား ရှိတာပေါ့၊ ကုန်ပစ္စည်း ဝင်တာ နည်းလေလေ ဒီမှာကျန်တဲ့ ပစ္စည်းက ဈေးတက်တက်လေပဲ”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

 အရင်က ကုန်တင်ကား ရာနဲ့ချီ ကုန်ပစ္စည်း တင်ပို့နေပေမယ့် အခုအခါမှာတော့ တိုက်ပွဲတွေကြောင့်  ကုန်တင်ကား ဆယ်ဂဏန်းလောက်သာ အခက်အခဲတွေကြားမှာ ကုန်ပစ္စည်းတင်ပို့တော့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကုန်တင်ကားအများစုက သွားလာမှု ရပ်နားထားပြီး ကုန်တင်ကားမောင်းသူတချို့ကတော့ မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် အသက်စွန့်ပြီး ကုန်သွယ်နေရတယ်လို့ ကားမောင်းသမား တစ်ဦးက အခုလို ပြောပါတယ်။

“ကားသမား တွေကတော့ မိသားစု အဆင်မပြေလို့သာ သွားနေကြတယ် ဘယ်သွားချင်မလည်း အသံကြားရင် ပုန်းလိုက် ရပ်လိုက်နဲ့ပဲ သွားနေရတယ် ခင်ဗျ၊ ကျွန်တော်ဆီက ကားသမား တွေလည်း ဒီလိုပဲ သွားနေကြတာပဲ၊ တစ်ရက်တစ်ခေါက် မဟုတ် (၂)ရက်တစ်ခေါက် ရတော့လည်း ပစ္စည်းကလည်း တင်ဖို့ပြုဖို့ ရှိလို့မိုလို ကားသမားကတော့ သိတဲ့အတိုင်းပဲ အသက်စွန့်ပြီး မောင်းနေကြတာပေါ့”လို့ ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာက ကုန်ပစ္စည်းတွေကို  မြဝတီကုန်သွယ်ရေးဇုန်ကနေ အဓိက တင်သွင်းရောင်းချနေကြတာ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအပေါ် သက်ရောက်မှု ကြီးမားနေတာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတင်ပို့ရာမှတော့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တချို့ တင်သွင်းနေတာ ဖြစ်ပြီး၊ ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံကို စားသောက်ကုန် အပါအဝင် ဆောက်လုပ်ရေးပစ္စည်းတွေ အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။ 

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.