မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀လကျော် ကြာလအတွင်းမှာ ဟင်းသီးဟင်းရွက်နဲ့ အခြေခံစားသောက်ကုန် ပစ္စည်းတွေ ဈေးနှုန်း ဆက်လက် မြင့်တက်လာတဲ့အတွက်ကြောင့် ဘဝရပ်တည်ဖို့ ပိုမို အခက်အခဲ ဖြစ်လာတယ်လို့ အခြေခံပြည်သူတွေက ပြောပါတယ်။

 အခြေခံစားသောက်ကုန်တွေထဲမှာတော့ ဟင်းသီးဟင်းရွက်တွေက ပြီးခဲ့တဲ့ ကာလတွေထက် ၃ ဆကျော် ဈေးနှုန်း ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

အရင်က ဂေါ်ဖီတစ်ပိဿာကို ကျပ် (၅၀၀)ဝန်းကျင်သာ ရှိခဲ့ပေမယ့် အခုအခါ ကျပ် (၃၀၀၀)ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန်နဲ့ စားသုံးဆီဈေးနှုန်းကလည်း ဒီဇင်ဘာလမှာ ၂ဆနီးပါး ပြန်လည်  မြင့်တက်လာခဲ့ပါတယ်။

အခုလို အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်လာရတာဟာ စစ်တပ် အာဏာသိမ်း ပြီးနောက် စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာလို့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ပိုမိုကြီးမြင့်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကုန်သည်တစ်ဦးက အခုလို ပြောပါတယ်။

 “ဆန်ကျတော့လေ ဆန်သစ်က ဈေးကတော့ ပြန်တက်သွားတယ် သိလား၊ ဆီကျတော့လည်း (၅)သောင်း ဝန်ကျင်မှာ ရှိနေတယ်၊ ဟင်းသီးဟင်းရွက် ဆိုလို့ရှိရင် ဂေါ်ဖီဆိုလို့ရှိရင် အခုဆို တစ်ပိသာကို (၃၀၀၀)လောက် ဖြစ်နေတယ်၊ အရင်တုန်းက ဝယ်ရတာ တစ်ပိသာမှ (၅၀၀)တို့ (၆၀၀)တို့ အဲ့လောက်ပဲ ရှိတာသိလား အဲ့တာ တက်သွားတယ်၊ သူတို့ပြောတာတော့ လမ်းတွေ ပိတ်တယ်တဲ့ သိလား၊ ကုန်သွယ်ခွင့်တွေ ပိတ်တယ်ဆိုတော့ သူတို့က တက်ကုန်တာ အကုန်းလုံး နောက် ကားတွေ သွားလို့မရဘူး သူတို့အဲ့လိုပြောတယ်၊ ဂိတ်ကြေးတွေ တက်တယ် နောက်ပြီးတော့ ဓာတ်ဆီတွေ တက်တော့ သူတို့တက်တယ် အဲ့လိုတွေ ပြောတယ်”လို့ အခြေခံ စားသောက်ကုန် ရောင်းချသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အခြေခံစားသောက်ကုန်ပစ္စည်းတွေဟာ အရင်ကထက် ၂ ဆနီးပါး ဈေးနှုန်းမြင့်တက်လာသလို ဟင်းသီးဟင်းရွက်ကတော့ အဆမတန် ဈေးနှုန်း မြင့်တက်လာတာကြောင့် အရောင်းအဝယ်တွေ ကျဆင်းနေပါတယ်။

အခုလို အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေတဲ့အကြောင့် မိသားစု စားဝတ်နေရေး ကြပ်တည်းလာပြီး တချို့ မိသားစုတွေဆိုရင် ထမင်းငတ်နေကြပြီးလို့ အခြေခံ ပြည်သူ တစ်ဦးက အခုလို  ပြောပါတယ်။

 “ရှာတာနဲ့ ဝယ်ပြီးတော့ ချက်ပြုတ်တာနဲ့ ပြန်ကြည့်ရင် ချက်ပြုတ်တာက ပိုပြီးတော့ ကုန်နေတာ ပေါ့နော်၊ ကုန်ကျစရိတ် ပိုများနေတာတော့ ဒါကတော့ အိမ်တိုင်းအိမ်တိုင်းလို ဖြစ်နေတာ၊ အခြေခံ လူတန်းစား တချို့နေရာတွေမှာ ထမင်းတောင် ငတ်နေတယ်၊ လက်ရှိမှာ စစ်နဲ့ ကိုဗစ်နဲ့ကြောင့် အလုပ်တွေ နားထားရတယ်၊ နားထားတဲ့ ကြားထဲမှာမှ ကုန်ဈေးနှုန်းက ထက်တက်လိုက်တဲ့ အခါကျတော့ တချို့နေရာတွေမှာ ထမင်းတွေ ငတ်နေကြတယ်၊ တချို့နေရာတွေမှာ ရရာအလုပ်ကို လုပ်နေကြတယ်၊ အဲ့လိုမျိုး မိသားစုက အကုန်လုံး ထွက်ရှာနေရတဲ့ အခြေအနေရှိတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတာ့ ကိုဗစ်ကပ်ရောဂါ အခြေအနေနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေး ကြပ်တည်းလာလို့ လုပ်ငန်းအမြောက်အများ ပိတ်သိမ်းခဲ့ရပါတယ်။

အဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းကလည်း ဆက်တိုက်မြင့်လာပြီး အခြေခံပြည်သူတွေမှာ ဝင်ငွေမရှိတော့လို့ စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.