ကျိုက်မရောအကျဉ်းထောင်မှာ အဖမ်းခံထားရသူ (၈၀)ကျော်ရှိ

0
9417

မော်လမြိုင် ၊ ဧပြီ (၁)

စစ်တပ် အာဏာသိမ်းပြီး နှစ်လအကြာ ကျိုက်မရောအကျဉ်းထောင်မှာ အဖမ်းခံထားရသူ (၈၀)ကျော်ရှိပြီး အများစုက ပုဒ်မ (၅၀၅) နှင့် တရားရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်မှ စုံစမ်းသိရှိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် သာမာန်အရပ်သားတွေလည်း ပါဝင်ပြီး အသက်မပြည့်သေးတဲ့ ကလေး (၂) ဦး ပါဝင်တယ်လို့ သိရပါတယ်။

မော်လမြိုင်မှာ လူတစ်ဦး သေဆုံးတဲ့အထိ ပစ်ခတ်မှုတွေရှိခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ စျေးကြိုအဝိုင်း ဖြိုခွင်းမှုမှာ အဖမ်းခံရသူ (၄၀)ဦး ရှိခဲ့ပါတယ်။

 မတ်လ (၃)ရက်နေ့ ကွင်းရပ် ရပ်ကွက် ဆန္ဒဖော်ထုတ်မှုမှာလည်း အဖမ်းခံရသူ (၁၈)ဦး  ရှိခဲ့ပါတယ်။

ဒါ့အပြင် လူသုံးဦးသေဆုံးတဲ့အထိ ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ မတ်လ (၂၅)ရက်နေ့ ဒိုင်းဝန်ကွင်းသပိတ် ဖြိုခွင်းမှုမှာ အဖမ်းခံရသူ (၂၀) ဦး ရှိခဲ့ပါသေးတယ်။ အဲ့ဒီအထဲက (၁၇) ဦးကိုတော့ ခံဝန်ထိုး လွှတ်ပေးခဲ့ပြီး ကျန်(၃) ဦးကိုတော့ တရားစွဲဆိုထားဆဲ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေထဲက လူဦးရေ (၆၀)ကျော်ကတော့ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ(၅၀၅)နှင့် တရားရင်ဆိုင်နေရပြီး ကျန်တဲ့ (၂၀)နီးပါးကတော့ ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်တဲ့ အမိန့်ကို ဖီဆန်မှု ပုဒ်မ (၁၈၈) နှင့် တရားစွဲဆိုခံထားရပါတယ်။

အဲ့ဒီအထဲမှာ (၁၇) ဦးကိုသာ ခံဝန်နှင့် လွှတ်ပေးထားပြီး ကျန်တဲ့ လူဦးရေ (၆၀)ကျော်ကတော့ ကျိုက်မရော အကျဉ်းထောင်က သီးသန့်တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

တရားရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ  လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေနှင့် (၇) မိနစ်သာ တွေ့ခွင့်ရပြီး အုပ်ထိန်းသူတွေနှင့်ပါ အခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရနေဘူးလို့ ဆိုပါတယ်။

“ ခုနှစ်မိနစ်အတွင်းမှာ အားချင်းပြောရတယ်။ ရှေ့နေတွေက လူးသာလိမ့်သာပေါ့။ ဟိုဘက်ပြောလိုက် ဒီဘက်ပြောလိုက် ၊ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ပေါ့။ ကမန်းကတမ်းပြောရတော့ အမှုတစ်ခုလုံးအတွက် လွှမ်းခြုံပြီး မေးခွင့်မရလိုက်ဘူး”လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ မင်းလင်းကိုကိုက ပြောပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေပြီး ဆန္ဒဖော်ထုတ်သူတွေကို ညဘက်တွင်သာမက နေ့ဘက်မှာပါ ဝင်ရောက်ဖမ်းဆီးတာတွေကို လုပ်ဆောင်နေပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁)ရက်နေ့ကနေ ယနေ့ ဧပြီ (၁)ရက်နေ့အထိ မွန်ပြည်နယ်အတွင်းမှာ စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ်လို့ ကျဆုံးသူ (၈) ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.