မော်လမြိုင် ၊ မတ် (၁၁)

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မလုပ်နိုင်အောင် ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖိနှိပ်နေပါတယ်။

မွန်ပြည်နယ် (၁၀)မြို့နယ်လုံးမှာ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်အောင် တားဆီး စစ်ဆေးတာတွေကို လုပ်ဆောင်နေသလို ဆန္ဒပြစစ်ကြောင်းတွေကိုလည်း အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြစစ်ကြောင်းတွေကို ဖြိုခွင်းရာမှာ ရာဘာကြည် ၊ မျက်ရည်ယိုဗုံး ၊ အသံဗုံးတွေအပြင် ကျည်အစစ်တွေကိုပါ အသုံးပြုပြီး ရပ်ကွက်အတွင်းတွေထဲအထိ ပစ်ခတ်ဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံရတဲ့ ဆန္ဒဖော်ထုတ်သူတွေကိုလည်း ယနေ့အချိန်ထိ မလွှတ်ပေးဘဲ အဆက်အသွယ်တွေ ဖြတ်တောက် ထားတယ်လို့ ရေးမြို့နယ် ဒေသခံတွေက ဆိုပါတယ်။

“လတ်တလော ကျွန်တော်တို့ သိရသလောက်ကတော့ နောက်ဆုံးအချိန်အထိက နှစ်ယောက် ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ မော်လမြိုင်ထောင်ပို့ထားတယ်သိရတယ်၊ ထောင် ၁ လချမယ်လို့ ကျွန်တော်တို့ ကြားထားတယ်၊ အဲဒါက ရေးပြည်သူ့ဆေးရုံမှာ ရဲနဲ့စစ်တပ်က နေရာယူထားတဲ့အပေါ်မှာ ကန့်ကွက်မှုတွေလုပ်တဲ့အချိန်မှာ ဖြိုခွင်းတော့ ၂ ယောက်မိသွားတယ်၊ မနေ့ကတော့ ဖမ်းဆီးမှု မရှိဘူး၊ ဒီနေ့မနက်မှာတော့ တားဆီးမှုတွေပဲ ရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ အပါအဝင် မြို့နယ်တချို့မှာလည်း ကားနှင့်ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးတာတွေကို ရဲတပ်ဖွဲ့က နေ့စဉ်လုပ်ဆောင်နေပါတယ်။

အဲ့ဒီလို စစ်ဆေးရာမှာ ဆိုင်ကယ်ဘောက်ဖွင့်တာတွေအပြင် လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးခဲ့တယ်လို့ ကြုံတွေ့ခဲ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၆)ရက်နေ့က သိမ်ဇရပ်မြို့ဆန္ဒပြစစ်ကြောင်းကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်းရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆရာ ဆရာမတွေလည်း အခုချိန်ထိ မလွတ်မြောက်လာသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 “ဟိုတနေ့ကတော့ ၆ ရက်နေ့ကပေါ့နော်၊ သိမ်ဇရပ်ဘက်မှာတော့ ဖမ်းသွားတဲ့သူတွေတော့ ရှိတယ်၊ စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းလို့ ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေပါတယ်ပေါ့၊ ၁၀ ဦးဖမ်းသွားတယ်ပေါ့၊ ဟိုတနေ့ကတော့ ၂ ဦးပြန်လွှတ်ပေးတယ်၊ ၈ ဦးကတော့ ခုလက်ရှိကတော့ အမှုဖွင့်ထားပြီး ဖမ်းဆီးထားတယ်ပေါ့နော်”လို့ ဆိုပါတယ်။

အခုလို ဖိနှိပ်မှုတွေ ရှိနေတာကြောင့် မော်လမြိုင်မြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အင်အားနည်းလာတာကိုလည်း တွေ့ရပါတယ်။

မွန်ပြည်နယ်က အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အကြမ်းဖက် ဖြိုခွင်းခံရလို့ ယနေ့အချိန်ထိ သေဆုံးသူကတော့ (၂)ဦး ရှိပြီး ဒဏ်ရာရသူကတော့ အမြောက်အများရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.