မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ် အစည်းအဝေး မကျင်းပဖြစ်

0
8844

မော်လမြိုင် ၊ ဇန်နဝါရီ (၈)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားဖို့လျာထားပေမယ့် အချိန်မလုံလောက်တာကြောင့် မကျင်းပဖြစ်တော့တာလို့ ဆိုပါတယ်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “တတိယအကြိမ်ကို လွှဲပြောင်းပေးဖို ဆောင်ရွက်နေတာအများကြီးရှိတယ် ဒီကြားလွှတ်တော်ခေါ်ဖို့လုပ်တယ် ဒါပေမယ့် ပြန်သုံးသပ်တယ် ဒုဥက္ကဋ္ဌဦးဆောင်ပြီး အများကြီးလုပ်နေရတယ် အချိန်တော့လုရတယ် အချိန်က မမီဘူး မမီမယ့်အတူတူပေါ့နော် ဖျက်လိုက်တော့မယ်ဆိုပြီး စာထုတ်လိုက်တယ် အန်တီ့လုပ်ပိုင်ခွင့်နဲ့ပေါ့ ဒါကြောင့် မကျင်းပတော့ဘူး မကျင်းပဖြစ်လဲ ဘာမှအကျိုးမယုတ်ပါဘူး”လို့ ဆိုပါတယ်။

နောက်ဆုံးအကြိမ် ကျင်းပဖို့ လျာထားတဲ့ ပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းတွေ တင်သွင်းသွားဖို့ရှိတဲ့အပြင် မေးခွန်းမေးမြန်းတာ အဆိုတင်သွင်းတာတွေလည်း လုပ်ဆောင်သွားဖို့ လျာထားတာပါ။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းမှာ ဩဂုတ်လအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၁ ကြိမ်နှင့် အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့ပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းမှာ စည်သာယာရေးဥပဒေ ၊ စည်ပင်သာယာ အခွန်အခကောက်ဥပဒေ ၊ လျှပ်စစ်ဥပဒေ ၊ စာကြည့်တိုက်ဥပဒေ ၊ ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေတွေနဲ့ နှစ်စဥ်တင်သွင်းရတဲ့ ဘတ်ဂျက်ဥပ‌ဒေ၊ ဒေသန္တရစီမံကိန်းဥပဒေတို့ကို အသစ်ရေးဆွဲတာ ပြင်ဆင် ဖြည့်စွက်တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးအပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ ပါဝင်ခဲ့ကြတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးကတော့ အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.