မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁)

၂၀၂၀ ခုနှစ် ၁၁ လတာကာလအတွင်းမှာ မူးယစ်ဆေးဝါး (၇၇၁)မှုအထိ ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကျယ်ပြန့်လာပြီး အထူးသဖြင့် လူငယ်တွေအကြားမှာ ပိုမိုသုံးစွဲနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ရေးမြို့နယ်က မူးယစ်ဆေးသုံးစွဲတာအများဆုံးဖြစ်ပြီး စိတ်ကြွဆေးပြားတွေဟာ ထိုင်း-မြန်မာ ဘုရားသုံးဆူနယ်စပ်ဘက်က အများဆုံး ဝင်ရောက်တာဖြစ်တယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့ကတော့ ၂၀၁၉ ခုနှစ်မှာ မူးယစ်အမှုပေါင်း (၄၆၀)ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ အမှုပေါင်း (၇၀၀)ကျော်အထိ ထပ်တိုးဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးထဲမှာတော့ WY စိတ်ကြွဆေးပြားတွေကို အများကြီး ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူးထွန်းထွန်းက ပြောပါတယ်။

“၂၀၁၉ ခုနှစ်အတွင်း မူယစ်ဆေးဝါးအမှုပေါင်း (၄၆၀)မှုဖမ်းဆီးနိုင်ခဲ့တယ်၊ ၂၀၂၀ ပြည့်နှစ်(ဇန်နဝါရီလမှ နိုဝင်ဘာလအထိ) (၇၇၁)မှုကို ဖမ်းမိတာပေါ့၊ များသောအားဖြင့် စိတ်ကြွရူးသွပ်ဆေးပြား WY စိတ်ကြွရူးသွပ်ဆေးပြားတွေပေါ့၊ သိန်းချီပြီး မိလိုက်လို့ရှိရင်လည်း WY စိတ်ကြွရူးသွပ်ဆေးပြားတွေပဲ၊ ဒီမူးယစ်ဆေးဝါးတွေက ထောင် (၁၀)နှစ်၊ (၁၅)နှစ်တို့ ကျတယ်ဆိုတာ ဘယ်လောက်ပဲ ပြောပြော ငွေရလိုတဲ့ စိတ်နဲ့ကျတော့ ဒီဟာက ဘယ်လိုမှ တားလို့မရတဲ့ ထိန်းမရအောင် ကြီးထွားလာတယ်ပေါ့နော်၊ နောက်ပြီး ဒီလူတွေက ထောင်ထဲရောက်ပြီးလို့ ပြစ်ဒဏ်ကျပြီးလို့ ပြန်ထွက်လာပြီး ဆိုလို့ရှိရင်လည်း ဒီအလုပ်ကိုပဲ စွဲစွဲမြဲမြဲပြန်လုပ်တာဖြစ်တဲ့အတွက် အဲဒါကြောင့် မူးယစ်ဆေးဝါးအမှုတွေက ပိုပြီး ကြီးထွားလာတယ်ပေါ့”လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးရမိတဲ့ အမှုတွေမှာဆိုရင် မူးယစ်ဆေးဝါးနဲ့အတူ လက်နက်တွေပါ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

မူယစ်းဆေးဝါးအန္တာရယ်ကို ထိန်းချုပ်ဖို့နဲ့ အခြားမှုခင်းလျော့ကျရေးအတွက် ကြိုးစာပေးမယ့် ရဲတပ်ဖွဲ့အင်အား မလုံလောက်တဲ့ ပြဿာနာတွေကို ရင်ဆိုင်နေရတယ်လို့ ရဲမှူးက ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မူးယစ်ဆေးဝါးအန္တာရယ်ကို တိုက်ဖျက်ရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်နေသလို NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။

မွန်ပြည်သစ်ပါတီဟာ ပြည်နယ်အတွင်း များပြားလာနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို မတ်လဆန်းပိုင်းမှစပြီး ဖမ်းဆီးအရေးယူတာတွေကို အရှိန်မြှင့် ဆက်တိုက်လုပ်ဆောင်လာခဲ့တာပါ။

မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိရင် ရောင်းဝယ်သူများကို အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ကိုလည်းကောင်း၊ သုံးစွဲသူတွေကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လနှင့် ငွေဒဏ်တို့ဖြင့် လည်းကောင်း အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း- နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.