မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁)

မွန်ပြည်နယ်အတွင်းက ညမထွက်ရအမိန့်ချမှတ်ထားတဲ့ မြို့တွေမှာ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲလုပ်ရင် ဖမ်းဆီးအရေးယူခံရမယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထို ၊ ဘီးလင်းမြို့နဲ့မော်လမြိုင်မြို့တို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ည (၁၂)နာရီကနေ မနက်(၄)နာရီအထိ အပြင်ထွက် သွားလာခွင့် ကန့်သတ်ထားပါတယ်။

ဒါကြောင့် နှစ်သစ်ကူးညမှာ အပြင်ထွက် သွားလာပြီး သောက်စားပျော်ပါးတာတွေ မလုပ်ဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

သတ်မှတ်ချိန် ည(၁၂)နာရီ ကျော်လွန်ပါက ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီး အလုပ်မဲ့ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ကျခံရမယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦစီး ထွန်းထွန်းက ပြောပါတယ်။

“ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။ ည(၁၂)နာရီကျော်ရင် ဖမ်းခံရမှာပါ။ထောင်က အနည်းဆုံးတစ်လလောက် ကျခံရမှာ။ဒီလိုမျိုး ဖမ်းဆီးတာတွေတော့ မလုပ်ချင်ဘူး”လို့ ပြောပါတယ်။

မော်လမြိုင်မြို့နယ်မှာတော့ လူစုလူဝေးမဖြစ်စေဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ ရဲတပ်ဖွဲ့တွေက လှည့်ကင်းပတ်ကင်း နဲ့ စောင့်ကြပ်စစ်ဆေးသွားမယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

“ရဲတပ်ဖွဲ့တွေနဲ့အတူ လူစည်ကားတဲ့နေရာတွေမှာ လှည့်ကင်း ပတ်ကင်းတွေနဲ့ စောင့်ကြပ်သွားမယ်။  လူစုလူဝေးမဖြစ်အောင် နှစ်သစ်ကို အိမ်မှာပဲ မိသားစုတွေနဲ့ ကြိုစေချင်ပါတယ်”လို့

လက်ရှိအချိန်ထိတော့ ပြည်နယ်အတွင်းမှာ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ (၁၀၀) နီးပါးကိုတော့ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ နှစ်သစ်ကူးညမှာ လူငယ်တွေ အပေါင်းအသင်းတွေ စုဖွဲ့ပြီး ပျော်ပါးကြသလို မော်လမြိုင် ကမ်းနားလမ်း နှင့် တောင်ပေါ်တန်းတို့မှာ မီးပန်းဖောက်သူတွေနဲ့ စည်းကာလေ့ ရှိပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.