မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉)

လောင်းကစားဝိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကာကွယ်ပေးနေရင် သက်သေနှင့်တိုင်ကြားပေးဖို့  မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ မကုန်ခင်အထိ လောင်းကစားအမှုပေါင်း( ၂၄၂)မှုကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

အချို့လောင်းကစားဝိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက အခကြေးငွေယူကာ အကာကွယ်ပေးနေတယ်ဆိုပြီး ပြည်သူအကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီလိုလောင်းကစားဝိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိနေပါက သက်သေနဲ့အတွက် တိုင်ကြားပေးဖို့ လိုအပ်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးထွန်းထွန်းက ပြောပါတယ်။

“တခါတလေ ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတာတွေရှိတယ်၊ တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်၊ ငွေရေးကြေးရေး ပေးရတယ်လို့ အဲဒါနဲ့ပတ်သက်တာက တိုင်စာတွေတက်လာတာနဲ့ပတ်သက်လို့ကတော့ ဒါတွေကို အတည်ပြုပါတယ်၊ အထောက်အထားခိုင်လုံတယ်ဆိုရင် အရေးယူပါတယ်၊ များသောအားဖြင့် ထင်ကြေးနဲ့ ပြောတာရှိကြတယ်၊ လောင်းကစားတစ်ဝိုင်းလုပ်လို့ရှိရင် ရဲကို ပေးထားလို့ပါကွာဆိုတဲ့ automatic ထွက်လာတဲ့ ထင်ကြေးတွေ၊ ကျွန်တော်တို့က ဒီဝိုင်းတစ်ဝိုင်းဖြစ်နေတယ်ဆိုလို့ရှိရင် နယ်မြေရဲက သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော်တို့ သတင်းရတာနဲ့ ကျွန်တော်တို့ပြည်နယ်က ဆင်းဖမ်းတယ်၊ ဆင်းဖမ်းလို့ မိတယ်ဆိုရင် အဲဒီနယ်မြေခံရဲ တာဝန်ရှိတဲ့ ရဲကို အရေးယူမယ်၊ နောက်ဆုံး စခန်းမှူး၊ မြို့နယ်မှူး အထိအရေးယူမယ်”လို့ ဆိုပါတယ်။

သက်သေအထောက်အထားနှင့်တကွ ဖမ်းဆီးအရေးယူခံရရင် ရဲစည်းကမ်းတွေအရ ထောင်ဒဏ် သုံးလကနေ သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိဆိုရင် အမှုကြီး ၁၆၅ မှု၊ အခြယးအမှု ၂၆၅၀မှုနဲ့ ကြိုတင်ကာကွယ်မှု ၁၀၀၅၆ မှုတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.