၂၀၁၉ ခုနှစ် မွန်လူငယ်နေ့ အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ- ဉာဏ်စိုးဝင်း)

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၈)

အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်တဲ့ မွန်လူငယ်တွေ စစ်ပညာသင်ကြားပြီး မွန်ပြည်သစ်ပါတီမှာ စစ်မှုထမ်းကြဖို့ (၉) ကြိမ်မြောက် မွန်လူငယ်များနေ့ ကျင်းပရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ (၉) ကြိမ်မြောက် မွန်လူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားကို “မွန်လူငယ်များ မွန်နိုင်ငံရေးတွင် ပူးပေါင်းပါဝင်လာကြရန်” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးမြို့နယ်မှာ အကျဥ်းချုံး ကျင်းပခဲ့ပါတယ်။

မွန်လူငယ်တွေဟာ သမိုင်းပေး တာဝန်ကျေဖို့အတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ တိုက်ပွဲဝင်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေး ပါတီမှာ ဝင်ရောက် အမှုထမ်းရမယ်လို့ (၉)ကြိမ်မြောက် မွန်လူငယ်နေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ မွန်ညီညွတ်ရေးပါတီမှာ တာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်တွေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဗညား လယ်က ပြောပါတယ်။

“လူငယ်တွေ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မွန်ပါတီကို ဝိုင်းရံပေးခဲ့သလိုမျိုးပဲ လက်နက်တော်လှန်ရေးလုပ်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှာ  ဝင်ရောက် တာဝန်ထမ်းဆောင်သွားကြဖို့ လူငယ်တွေကို တိုက်တွန်းလိုပါတယ်၊ ဝင်ရောက်တာဝန်ထမ်းဆောင်ကြဖို့ဆိုတဲ့နေရာမှာ စစ်သင်တန်း တက်ရုံလောက်နဲ့ မလုံလောက်ဘူး စစ်သင်တန်းတက်ပြီးရင် အတိုင်အတာတစ်ခုထိ တာဝန်ထမ်းဆောင်ကြဖို့ တိုက်တွန်းပါတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညာလယ်က ပြောပါတယ်။

မွန်လူငယ်ဖြစ်မြောက်ရေးကော်မတီကို မွန်ပြည်နယ်၊ မြို့နယ်အလိုက်က လူငယ်တွေ အပါအဝင် တစ်နိုင်ငံလုံးက မွန်လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.