မော်လမြိုင် ၊ ဒီဇင်ဘာ (၈)

ကိုဗစ်-၁၉ ကြောင့် မော်လမြိုင်က လက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ အိုးလုပ်ငန်း အများစု ရပ်နားလိုက်ရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မုပွန်ရပ်ကွက် အိုးလုပ်ငန်းကနေ စဥ့်အိုး၊ ငပိအိုး၊ ငရုပ်ဆုံ၊ ပန်းအိုး၊ ဆီမီးခွက်နဲ့ ဆွမ်းအိုး စသဖြင့် မြေအိုးအမျိုးအမျိုးကို ထုတ်လုပ် ရောင်းချနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှာ နယ်မြေဖြတ်ကျော်သွားလာခွင့်တွေကို ကန့်သတ်လိုက်တဲ့အတွက် စျေးကွက်မှာ အိုးတွေကို ဖြန့်ဖြူးဖို့ အခက်အခဲတွေ ရှိနေတာပါ။

ဒါကြောင့် လုပ်ငန်းအများစုကို ရပ်နားထားရပြီး လက်ရှိမှာတော့ သုံးပုံတစ်ပုံသာ လုပ်ကိုင်နေတယ်လို့ အိုးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ပြောပါတယ်။

“ အရောင်းအဝယ်သမားတွေ သိပ်မလာတော့ဘူး ။ ကျွန်တော်တို့ကတော့ လုပ်တော့ လုပ်နေတယ် မရပ်ထားဘူး ။ အရင်ကနဲ့ယှဉ်ရင် သုံးပုံတစ်ပုံလောက်ပဲ လုပ်တော့တယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း အရောင်းအဝယ် အနည်းငယ် ရှိနေတဲ့ ငရုပ်ဆုံနဲ့  ပန်းအိုးတို့ကိုသာ အဓိက ထုတ်လုပ်နေပြီး အခြားအိုးတွေ ထုတ်လုပ်တာကိုတော့  ရပ်နားထားကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကိုဗစ်ဖြစ်ပွားနေတဲ့အတွက် စျေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုဟာ အရင်ကာလနဲ့ ယှဉ်ရင် သုံးပုံတစ်ပုံလောက် ကျသွားတယ်လို့ ရောင်းဝယ်သူတွေက ဆိုပါတယ်။

“ တော်တော်တော့ ထိခိုက်တယ် အရင်နှစ်တွေမှာ အိုကြီးတစ်ဖိုဆိုရင် (၈)သိန်း အနည်းဆုံး (၆)သိန်း လောက်ရှိတယ်။ အခုတော့ ဖုတ်ထားပြီး လာမယူကြတော့ ရောင်းအားတော်တော်ကျတယ်။ အရင်က ဆယ်သိန်းလောက် ရောင်းရရင် အခုက သုံးသိန်းတောင် မပြည့်ဘူး”  လို့ မြေအိုး အရောင်အဝယ် ပြုလုပ်သူ မငြိမ်းငြိမ်းက ပြောပါတယ်။

မုပွန်ရပ်ကွက်က ထွက်တဲ့အိုးတွေကိုတော့ မွန်ပြည်နယ်အနှံ့ ဖြန့်ဖြူးရောင်းချနေတဲ့အပြင် တနသ်ာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီအထိ ဖြန့်ဖြူရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.