ရေး ၊ ဩဂုတ် (၁၁)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ရေးဒေသထွက် ကွမ်းသီးတွေကို ပြည်ပတင်ပို့မှု လုံးဝ ရပ်နားထားရတယ်လို့ ဒေသတွင်း ကွမ်းစိုက်ပျိုးသူတွေက ပြောပါတယ်။

 အဓိကဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက တမူး-မိုးရေး စစ်ဆေးရေးဂိတ်ကို ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လ (၁၀) ရက်နေ့ကတည်းက ပိတ်ထားတာကြောင့် ရေးဒေသထွက်ကွမ်းသီးတွေ ဈေးနှုန်းများ ကျဆင်းလာပါတယ်။

လက်ရှိပြည်တွင်းစျေးကွက်မှာလည်း အရောင်းအဝယ် အေးနေပြီး ယခင်နှစ်ပေါက်ဈေး တစ်ပိဿာ(၅၅၀၀)ကျပ် အထိရရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ (၄၀၀၀) ကနေ (၄၂၀၀)ကျပ်ဝန်းကျင်သာ ရရှိတော့တယ်လို့ ဆိုပါတယ်။

“အဓိကတင်ပို့တဲ့ အိန္ဒိယဘက်ကလှမ်းပိတ်လို့ပါ၊ လက်ရှိအချိန်က အရောင်းအဝယ်အေးပြီးတော့ ပြည်တွင်းသုံးလောက်ပဲအရောင်းအဝယ်ဖြစ်နေပါတယ်”လို့ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်သန်းနိုင်က ပြောပါတယ်။

ရေးမြို့နယ်အနေနဲ့ အံဒင်၊ ဒူးယား၊ ရင်းရယ်၊ ကျောင်းရွာတို့အပါအဝင် တစ်မြို့နယ်လုံးနီးပါး ကွမ်းသီးကို အဓိကထား စိုက်ပျိုးကြတာဖြစ်ပြီး သီးစုံစိုက်တောင်သူတွေအနေနဲ့ ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ ခြံစိုက်တောင်သူတွေက ဆိုပါတယ်။

” ဒီနှစ်ပိုင်းတွေက ခြံသမားတွေအထိနာတဲ့နှစ်ပါပဲ၊ မနှစ်က နှစ်မကုန်ခင် ရေကြီးတော့ အပင်တွေဆုံးရှုံးခဲရတာတွေရှိသလို ကိုဗစ်ကဖြစ်တော့ အရောင်းအဝယ်က မကောင်းဘူး၊ သွားရေးလာရေးကအစပေါ့၊ ကွမ်းသီးဈေးကတော့ ခုပုံဆို တက်ဖို့တော့ သိပ်မမြင်သေးဘူး၊ ရောဂါက ဘယ်အချိန်ပြီးမလဲ၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာမသိနိုင်တော့ ခက်ခဲတဲ့နှစ်ပဲ ” လို့ ခေါဇာမြို့၊ ရင်းရယ်ကျေးရွာနေ နိုင်လွန်းက ပြောပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနကစာရင်းတွေအရ ရေးမြို့နယ်အတွင်း ကွမ်းသီးစိုက်ဧက ငါးသောင်းဝန်းကျင်ခန့် ရှိပြီး ရန်ကုန်ပွဲရုံတွေကို အဓိကထားတင်ပို့ကာ ပွဲရုံတွေကတဆင့် ပြည်ပသို့ အဓိကထား တင်ပို့ရောင်းချတယ်လို့ သိရပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.