မော်လမြိုင် ၊ ဇူလိုင် (၃၀)
ကိုဗစ်-၁၉ ကြောင့် ရပ်နားထားရတဲ့ ဇာတ်သဘင်လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အစိုးရရဲ့ ပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ မွန်ပြည်နယ် သဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး ဇာတ်သဘင်တွေ ရပ်နားထားရတာ အခုဆိုရင် လေးလကျော် ငါးလနီးပါး ရှိပြီး ဖြစ်ပါတယ်။
အခုလို အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဇာတ်သမားတွေဟာ ဆိုင်ကယ်မောင်းတာတွေ ၊ ကောက်စိုက်တာတွေနဲ့ အလုပ်ကြမ်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။
ဒါကြောင့် ကိုဗစ်ကာလအလွန်မှာ သဘင်လုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် အစိုးရဆီက ချေးငွေတွေ ပံ့ပိုးပေးဖို့ မျှော်လင့်နေကြတယ်လို့ မွန်ပြည်နယ် သဘင်အစည်းအရုံးအတွင်းရေးမှူး ဦးဂွတ်ရှယ်က ပြောပါတယ်။
“နောက် ငါးလလောက်ဆိုရင် ကျွန်တော်တို့ ဇာတ်သဘင်တွေ ပျောက်ကွယ်တော့မယ်။ဘာဖြစ်လို့လဲဆိုရင် တစ်ချို့သဘင်သည်တွေက သဘင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလို့မရတော့၊ တကယ့်သဘင် ပညာရှင်တွေက သဘင်လောကနေ ထွက်သွားပြီး တစ်ချို့လောကထဲရောက်သွားကြရင် ကျွန်တော်တို့တွက် များစွာနစ်နာပါတယ်၊ကျွန်တော်တို့အများကြီးကိုမမျှော်မှန်းပါဘူး တစ်ဇာတ်ကို ကျပ်သိန်း၁၅၀/၂၀၀လောက်၊ ပံ့ပိုးပေးနိုင်ရင် အရမ်း အရမ်းကို အခြေနေကောင်းလာမှာပါ”လို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းရပ်နားထားရတာကြောင့် ဇာတ်ဆရာတွေက သဘင်သည်တွေကို လုပ်အားခ မရှင်းပေးနိုင်တဲ့အတွက် မွန်ပြည်နယ်က သဘင်လုပ်သား (၂၀၀၀) ကျော်နဲ့ သူတို့ရဲ့ မိသားစုတွေမှာ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။
“သဘင်သမားဆိုတာ စပေါ်ငွေနဲ့စရံငွေကို မျှော်စားရတာ ။ အခု အလုပ်မရှိတော့ စပေါ်ငွေ မရဘူး။ ဒီတော့ စားဝတ်နေရေးတွေ ၊ အိမ်ဌားခတွေ နဲ့ ကျောင်းဖွင့်လာပြီးဆိုရင် သဘင်သမားတွေအတွက် ခက်ခဲတယ်”လို့ မွန်ပြည်နယ် ဇတ်သဘင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးစန်းလင်းက ပြောပါတယ်။
ဧပြီလ (၂၄)ရက်နေ့မှာတော့ မွန်ပြည်နယ်အတွင်းက ဇာတ်သဘင်သမားတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် ဇတ်သမားတစ်ဦးကို ဆန်(၅)ပြည်နှုန်း မြန်မာနိုင်ငံသဘင်အစည်းအရုံးက ထောက်ပံ့ပေးခဲ့ပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ဇာတ်သဘင် (၄၁) ဖွဲ့ရှိပြီး သဘင်လုပ်သားကတော့ (၂၀၀၀) ကျော် ရှိပါတယ်။
သတင်း – ရွှေမြိုင်ကိုပေါက်