မုဒုံ၊ ဇန်နဝါရီ ၁၁
ဝင်းစိန်တောရဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် မြန်မာ့လက်ဝှေ့ချန်ပီယံများပါဝင်သည့် နိုင်ငံတကာလက်ဝှေ့စိန်ခေါ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"လက်ဝှေ့ပွဲက ဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်ကတည်းက မွေးနေ့ပွဲရောက်တိုင်းထည့် သွင်းကျင်းပလာတာ အစဉ်အလာပွဲလို့လည်းပြောလို့ရတယ်။ ပြီးတော့ မွန်၊ ကရင်နဲ့ တနသာၤရီတိုင်း အတွင်းက လက်ဝှေ့ဝါသနာရှင်တွေနဲ့ ပရိတ်သတ်အကြိုက်မို့လည်းပါတယ်။ မြိုင်ကုန်းလက်ဝှေ့ပွဲကတော့ နှစ်စဉ်လက်ဝှေ့ပရိတ်သတ်တွေနဲ့ ပြည့်သိပ်အောင် အားပေးလာရောက်ကြည့်ရှုကြတယ်"ဟု ဦးဇင်းဘရသေ့မှ သံလွင်တိုင်းမ်ကိုပြောသည်။
ပွဲတွင် မြန်မာ၊ ထိုင်း၊ မက္ကဆီကို၊ ကော့စတာရီကာ၊ ဥဇဘက်ကစ္စတန်နှင့် လာအိုနိုင်ငံတို့မှ လက်ဝှေ့အကျော်အမော်များပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လက်ဝှေ့အကျော်အမော်များလည်း ပါဝင် မည်ဖြစ်ကာ (၃)ချီ၊ (၄)ချီ စိန်ခေါ်ပွဲများပါ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာလက်ဝှေ့စိန်ခေါ်ပွဲကို ဇန်နဝါရီလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့ထိကျင်းပပြုလုပ် မည်ဖြစ်ပြီး အထူးစိန်ခေါ်ပွဲများ၊ (၅)ချီ၊ (၄)ချီ၊ (၃)ချီစိန်ခေါ်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးနှင့်အတူ ပျံလွန်တော်မူသွားပြီဖြစ်သော ဝင်းစိန်တောရဆရာတော် ကြီး၏ ရုပ်ကလာပ်သင်္ကန်းလဲပွဲ၊ မွေးနေ့ပွဲ၊ မုဒ်ဦးသစ်ဖွင့်ပွဲနှင့် တံတားဖွင့်ပွဲများကိုလည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း – မင်းဥဒါန်း