မော်လမြိုင်၊ နိုဝင်ဘာလ ၈

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို)မှ မွန်အမျိုးသားများနှင့် မွန်ပါတီများစည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးပွဲများကျင်းပနိုင်ရန် မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသမီးပါတီ တို့၏ ဥက္ကဌများထံ လိပ်မူကာ နိုဝင်ဘာလ (၇) ရက်နေ့က ကမ်းလှမ်းစာတစ်စောင် ပေးပို့ခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို)အနေဖြင့် မွန်ပါတီများ တစ်ပါတီတည်းပေါင်းစည်းရေးကို ၂၀၁၆ခုနှစ် နိုဝင်ဘာလကုန်အထိ တိတိကျကျ အကောင်အထည်မဖော်နိုင်ပါက ပါတီဝင်အဖြစ်မှ နှုတ်ထွက်သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ချောင်းဆုံ) မှ ပါတီဝင်များနှင့် အလုပ် အမှုဆောင်များအားလုံး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ကမ်းလှမ်းစာ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

“အခုက ပူးပေါင်းဆောင်ရွက်ဖို့တော့မဟုတ်သေးဘူး/ သူတို့ပါတီရဲ့ Frame Work သဘောမျိုးပေါ့။ ပြည်သူတွေတောင်းဆိုနေတဲ့ လုပ်ငန်းစဉ်ကို ချပြတာနေမှာပါ။ မူတွေ သဘောထားတွေမပါသေးဘူး လုပ်ငန်းစဉ်အညွှန်းပုံစံမျိုးပေါ့နော်။ သူတို့ကမ်းလှမ်းတာကိုလည်း ကျွန်တော်တို့က အစည်း အဝေးတွေထိုင်ရဦးမှာပါ။ ပြီးမှ အကြောင်းပြန်လို့ရမှာပါ” ဟု မွန်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ဦးနိုင်စိုးမြင့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

မွန်ပါတီများအနေဖြင့် တစ်ပါတီတည်း ပူးပေါင်းဆောင်ရွက်နိုင်မှသာ လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် အထွေထွေရွေးကောက်ပွဲများတွင် ထက်ဝက်ခန့်ဖြင့် အနိုင်ရရှိနိုင်ကြောင်းချောင်းဆုံ AMDP ပါတီ မှ ပါတီဝင်တစ်ချို့ကထောက်ပြပြောဆိုထားကြသည်။

“ချောင်းဆုံ AMDP ပါတီ က ဗဟိုကို စာပို့တယ်။ သံဃာတွေဦးဆောင်တဲ့ ပြည်သူတွေလိုလားတဲ့ ပူးပေါင်းညှိနှိုင်းရေးကိစ္စကို လက်ခံပေးဖို့ပေါ့။ ဒါပေမယ့် ဗဟိုက အဲ့ဒါကို လက်ခံချင်တဲ့ပုံတော့ မပေါ်ဘူးပေါ့နော်။ တကယ်ပူးပေါင်းမယ်ဆိုရင်တော့ လက်မှတ်တွေထိုးရမှာပါ။”ဟု ဦးနိုင်စိုးမြင့်က ဆက်လက်ပြော ကြားသည်။
amdp-%e1%80%95%e1%80%ab%e1%80%90%e1%80%ae%e1%80%99%e1%80%bd-%e1%80%b1%e1%80%90%e1%80%bc%e1%82%95%e1%80%86%e1%80%b6%e1%80%af
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(ဗဟို)မှ အတွင်းရေးမှူး ဦးနိုင်စံတင်က “ကျွန်တော်တို့ကတော့ မွန်(၂) ပါတီကို စည်းလုံးညီညွတ်မှုရအောင် စာပို့ထားပါတယ်။ အဲ့ဒီစာထဲက ပါတဲ့အကြောင်းအရာအတိုင်း လုပ်ဆောင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(ချောင်းဆုံ) မှ ဦးကိုကြီး၊ဦးမင်းတင်ညွန့်နှင့် ဦးဝင်းထွဋ်စသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း(၃) ဦးကို ရွေးချယ်ထားပြီး ယင်းတို့အထဲတွင် မဲစနစ်ဖြင့် တစ်ဦးကိုသာရွေးချယ်သွားရန် စီစဉ်လျက်ရှိသည်။

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.