ပေါင်၊ နိုဝင်ဘာ ၁၇
ပေါင်မြို့နယ်တွင် ပွဲတော်ကာလနှင့် အခြားသောရက်များအတွင်း ဆောင်းဘောက် ဖွင့်လှစ်ခြင်းအပေါ် စိစစ်ကြီးကြပ်မှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။<!--more-->
ဆောင်းဘောက်ဖွင့်လှစ်ခြင်းအပေါ် ပြည်သူများက တိုင်ကြားမှုများရှိနေပြီး အသံချဲ့စက်အသုံးပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်းအားလည်း စိစစ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
“ကျွန်မတို့ အိမ်နားမှာ ကထိန်ခင်းတာရှိတယ်။ ဆောင်းဘောက် ၂ လုံးက အကျယ်ဆုံး အပြိုင်အဆိုင် ထုနေကြတာ အိမ်မှာဘယ်လိုမှနေလို့မရဘူး။ ရဲကိုတိုင်ပေမဲ့လည်း ပါမစ်ပေးတာက ကျေးရွာအုပ်ချုပ်ရေးမှုး ဆိုတော့ ပါမစ်ပေးသူအနေနဲ့ သတ်မှတ်ချက်ရှိစေချင်တယ် “ဟု ကျွဲခြံကျေးရွာနေ ဒေါ်မီမီလှုင်ချိုက ပြောသည်။
ပွင့်လင်းရာသီဖြစ်၍ အလှု မင်္ဂလာဆောင်နှင့် ဘာသာရေးပွဲများတွင် ဆောင်းဘောက်ဖွင့်ရန်လူငယ်များ အနေဖြင့် စိတ်အားထက်သန်နေကြပြီး တစ်ဦးလျှင် ငွေနှစ်သောင်းကျပ်ထည့်ဝင်ကြလျှက် ဘီယာ အရက်များ သောက်ကာ ဆောင်းဘောက်မှ ဒီဂျေတီးလုံများဖြင့် ကခုန်ပျော်ပါးနေကြကြောင်း တွေ့ရသည်။
ဆောင်းဘောက်လုပ်ငန်းရှင်များကို ယခင်နှစ်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံးသို့ခေါ်ယူပြီး စည်းကမ်း အတိုင်းဖွင့်ကြရန် သက်ဆိုင်ရာမှ သတိပေးထားသော်လည်း ယခုနှစ်တွင် လိုက်နာမှု နည်းနေသေးကြောင်း တွေ့ရသည်။
ထိုကိစ္စနှင်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကို မေးမြန်းခဲ့စဉ် လိုအပ်ပါက လွှတ်တော်တွင်မေးခွန်းမေးမြန်းရန်ရှိပါတယ်ဟု ဖြေဆိုထားခဲ့သည်။
ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုးမှ နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သောစာတွင် “ ဆောင်းဘောက်များ ဖွင့်ကြရာတွင် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ သက်ကြီးရွယ်အိုများ၊ လူမမာများ၊ ကျန်းမာရေး ထိခိုက်နိုင်ခြင်း မဖြစ်ပေါ်စေရေးအတွက် ကျယ်လောင်ပြင်းထန်စွာ မဖွင့်ကြရန် စိစစ်ကြီးကြပ်မှုပြုလုပ်ရန်လိုအပ် ပါက ရဲတပ်ဖွဲ့၏သဘောထားမှတ်ချက်ရယူပြီးမှ ပါမစ်ထုတ်ပေးရန်“ ဟူသော အချက်များပါဝင်နေ ကြောင်းသိရ သည်။
ဆောင်းဘောက်ဖွင့်ခွင့်ပါမစ်အား ရပ်/ကျေးအုပ်ချုပ်ရေးမှုးကထုတ်ပေးရပြီး စည်းကမ်းသတ်မှတ်ချက် များတွင် ၃ရက်ကြိုတင်၍ လျှောက်ထားရန်၊ ဖွင့်ရန်နေရာမှာ ဥပဇာမှ ကြားနိုင်ရုံသာဖွင့်ရန်၊ လျှောက်ထား သည့် နေရာမှအပ အခြားကိစ္စများတွင် အသုံးမပြုရန်၊ မနက် ၆နာရီမှ ည ၉နာရီအထိသာ ဖွင့်ရန်အချက်များ ပါဝင် ကြောင်း ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှ ဦးစိုးသူရက သံလွင်တိုင်းမ်သို့ပြောဆိုထားခဲ့သည်။
ဆောင်းဘောက် ဖွင့်ခြင်းကိစ္စနှင့်ပတ်သက်ပြီးစည်းကမ်းဖေါက်ဖျက်သူကို ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ အခန်း ၇ ပုဒ်မ ၁၃ ဈ အရအရေးယူနိုင်ပြီး နယ်ရဲများအနေဖြင့် ရဲအက် ဥပဒေပုဒ်မ ၃၉ အရဖမ်းဆီးအရေးယူ နိုင်ကြောင်းဥပဒေများတွင်ဖေါ်ပြပါရှိသည်။
သတင်း – ဝရဇိန် (ပေါင်)