မော်လမြိုင်၊ နိုဝင်ဘာ ၁၀
မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် လျှပ်စစ်မီးအား မလုံလောက်သည့်အတွက် ဒေသခံပြည်သူများအခက်ခဲဖြစ်ပေါ်နေပြီး ထရန်စဖော်မာ တစ်လုံး အမြန်လိုအပ် နေကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
လျှပ်စစ်မီးအားလုံလောက်မှု မရှိသည့်အတွက် ရပ်ကွက်အတွင်း ရာဇဝတ်မှုကျူးလွန်မည့် ဒုစရိုက်သမားများပေါ်ပေါက်လာမည်ကို စိုးရိမ်နေရကြောင်း၊ ဒေသခံပြည်သူများ ချက်ပြုတ်စားသောက်ရန် အခက်ခဲဖြစ်ပေါ်နေကြောင်းသိရသည်။
“အရင်က သူတို့ ချပေးတဲ့ ထရန်စဖော်မာက (၃၁၅) ဝပ်ပဲရှိတယ်။ အခုက မီတာ အလုံး(၉၀၀)တောင်ဖြစ်လာပြီ။ အဲ့တော့ load ပိတော့ Fuse တွေ ခဏခဏ ပျက်တယ်။ လျှပ်စစ်ဝန်ကြီးဌာနကလည်း လုပ်ပေးမယ်ဆိုပြီးတော့ အခုထိအကောင်အထည်မဖော်လာဘူး။ ဒါဆိုတော့ ထရန်စဖော်မာနောက်ထပ် တစ်လုံးလိုအပ် လာပါပြီ။ ကျွန်တော့် ရပ်ကွက်ပြည်သူတွေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မီးရရှိဖို့အရေးကြီးတယ်” ဟု သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က နိုဝင်ဘာလ(၉) ရက်နေ့က သံလွင်တိုင်းမ်သို့ပြောကြားသည်။
ယင်းကိစ္စကိုဖြေရှင်းရန် သက်ဆိုင်ရာဌာနသို့ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း တင်ပြခဲ့သည့်အပြင် မြို့နယ်အစည်းအဝေးမှာလည်း တောင်း ဆိုခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ လာရောက်ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ၎င်းက ဆိုသည်။
“မီးအားကတော်တော်နည်းပါတယ်။ ခဏခဏလည်းပျက်ပါတယ်။ ပုံမှန်မီးအားလေးတော့လိုချင်တာပေါ့။ ချက်ရပြုတ်ရတာ တော်တော်ဒုက္ခရောက်ပါတယ်။ မီးယူထားတယ်ဆိုတဲ့နာမည်ပဲရှိတယ်။ မီတာကြီးရှိပြီးတော့ မီးမသုံးရတဲ့အိမ်တွေလည်းရှိတယ်။ လူကြီးတွေ လုပ်ပေးမှပဲ အစ်မတို့အဆင်ပြေမှာပါ”ဟု အဆိုပါ ရပ်ကွက် (၁၄)လမ်းတွင်နေထိုင်သည့် ဒေါ်ချိုချိုမာကပြောသည်။
ည(၉) နာရီနောက်ပိုင်းအချိန်မှသာ မီးအားကောင်းသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ပျက်စီးဆုံးရှုံးမှုများလည်းရှိနေကြောင်း သိရသည်။
“မီးအားနည်းတော့ ရေခဲသေတ္တာတွေ ခဏခဏပျက်ပါတယ်။ Ready made ရေခဲမုန့်တွေ မထုတ်ရဘူး”ဟု အမေ့ရိပ်ရေခဲမုန့်လုပ်ငန်းမှ ဦးအေးသန်းက ပြောသည်။
အထက်ပါကိစ္စအတွက် ထရန်စဖော်မာအသစ်တစ်လုံးနှင့် လိုအပ်သည့် မီးကြိုးများကို လာမည့်ဘတ်ဂျက်နှစ်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက သံလွင်တိုင်းမ်သို့ပြောကြားခဲ့သည်။
“ရှေ့လာမယ့် ဘတ်ဂျက်နှစ်ထဲမှာ လုပ်ဖြစ်မယ်လို့လျာထားတယ်။ အဲ့ဒါကနောက်အကျဆုံးကိုပြောတာပါ။ ဒီကြားထဲ လုပ်ငန်းတစ်ခုကနေ ဘတ်ဂျက်ရလာရင် လည်း ဒီနှစ်ထဲမှာပဲပြီးသွားမယ်။သီရိမင်္ဂလာရပ်ကွက် (၁၄) လမ်းကိုပြောတာပါ။”ဟု ၎င်းကဆိုသည်။
သတင်း – နောင်ခန့်(မော်လမြိုင်)