မုဒုံ၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ လျှပ်စစ်မီး အသုံးပြုခွင့် ရရှိရေးအတွက် မွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး၊ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဒေသခံများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၁၂) ရက်၊ မွန်းလွဲပိုင်းတွင် ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်အပါအဝင် ရွာက လူအများစုက အစိုးရပေးမယ့် လျှပ်စစ်မီး ရရှိဖို့ကိုပဲ လိုချင်တယ်။ ဘာလို့လဲဆိုရင် လယ်သမားနဲ့ လက်လုပ်လက်စားတွေ များတော့ ငွေပိုငွေလျှံ မရှိကြဘူး။ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ဆိုရင် ငွေကုန်ကြေးကျများတဲ့အတွက်အစိုးရက လုပ်ပေးမယ့် အချိန်ကိုပဲ စောင့်မယ်။ ဒါမှလည်း ကျေးရွာ သားတွေ သက်သာမှာ၊ အပြင်မှာ ငွေရှားချေးငှားဖို့ ဆိုတာကလည်း အတိုးက မနည်းပေးရတယ်” ဟု ကော့ပရံ ကျေးရွာမှ ကိုကုလားက သံလွင်တိုင်းမ်ကို ပြောသည်။

ကျေးရွာမီးလင်းရေးနှင့် ပတ်သက်၍ ဝိဝါဒကွဲပြားခြင်းများ ရှိနေသည့်အတွက် တာဝန်ရှိသူများမှ ညှိနှိုင်း ပေါင်းစပ်တွေ့ဆုံခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန် က ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက် ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန်နှင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ကော့ပရံ ကျေးရွာအတွက် ချပေးထားမည့် ထရန်စဖော်မာအား စောင့်ဆိုင်းရယူပြီး ၄၀၀ ဗို့ ဓာတ်အားလိုင်းအား ကျေးရွာ နေပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ဓာတ်အားခွဲရုံကို အမျိုးသားဓာတ်အား ရရှိရေး စီမံချက်ဖြင့် တည်ဆောက်နိုင်ရေးအတွက် ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်း တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မုဒုံမြို့မှ ကော့ပရံ၊ ဘလောက် ညောင်ဝိုင်း၊ ကတုံးပေါ်၊ ဝဲကလိ၊ ကမာအုပ်ကျေးရွာများအား ဖြတ်သန်းကာ (၁၁) ကေဗွီ ဓာတ်အားလိုင်း (၁၇) မိုင်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် တင်သွင်းထားသည့် “ကော့ပရံကျေးရွာ မီးလင်းရေးကို လာမည့်ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးမင်းထင်အောင်ဟန် က ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်နယ်ရန်ပုံငွေဖြင့် ကတုံးပေါ်ကျေးရွာ တွင် (၁၁/ဝ.၄) ကေဗွီ (၂၀၀) ကေဗွီအေ၊ ထရန်စဖော်မာ (၁) လုံး တည်ဆောက်ခြင်းနှင့် (၄၀၀) ဗို့အားလိုင်း (၁) မိုင် ဆွဲခြင်း၊ ဘလောက်ကျေးရွာတွင် အလားတူ ထရန်စဖော်မာ (၁) လုံးနှင့် ဓာတ်အားလိုင်း (၁.၃) မိုင် ဆွဲခြင်းနှင့် ညောင်ဝိုင်းကျေးရွာတွင် အလားတူ ထရန်စဖော်မာ (၁) လုံးနှင့် ဓာတ်အားလိုင်း (ဝ.၇) မိုင် ဆွဲထား ခြင်းတို့ကို ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

၎င်းပြင် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်ရန် ကျန်ရှိသော ကော့ပရံ၊ ဝဲကလိ၊ ကမာအုပ်ကျေးရွာ အုပ်စုများအတွက် လုပ်ငန်းများအား ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုမိန့် ရရှိရေး မူလခန့်မှန်းခြေ စာရင်းတွင် ထည့်သွင်းဖော်ပြ၍ တောင်းခံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖြေကြားခဲ့သည်။
%e1%80%b1%e1%80%80%e1%80%ac%e1%80%b7%e1%80%95%e1%80%9b%e1%80%b6%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8
ကော့ပရံကျေးရွာတွင် အိမ်ခြေ (၁၀၀၀) ဝန်းကျင်ခန့် ရှိပြီး နေအိမ်အများစုမှာ စပါးခွံဖွဲဖြင့် လည်ပတ် သည့် ပုဂ္ဂလိကမီးကို လပေးစနစ်ဖြင့် သုံးစွဲလျက် ရှိပြီး၊ အနည်းစုမှာ ဆိုလာမီးနှင့် ဘတ္ထရီအိုးမီးများအပြင် ဖယောင်းတိုင်မီးများကိုလည်း သုံးစွဲလျက်ရှိကြောင်း သိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.