ရေး ၊ နိုဝင်ဘာ ၉

ရေးမြို့နယ်၊ လမိုင်းမြို့၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအပါအဝင် ဒေသအတွင်းလိုအပ်နေသည့်ကိစ္စရပ်များအား သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ် တော်ကိုယ်စားလှယ်များ ကူညီဆောင်ရွက်ပေးရေး တင်ပြထားသည်ဟုဒေသခံများက ပြောသည်။

ယခုလ ၈ ရက်နေ့၊ နံနက်ပိုင်းက လမိုင်းမြို့တွင်ပြုလုပ်ခဲ့သည့် ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လမိုင်းမြို့ဒေသခံများတွေ့ဆုံပွဲတွင် ကျန်းမာရေးကိစ္စအပါအဝင် အချက် ၈ ချက်အား တင်ပြခဲ့ခြင်းဖြစ်ကြောင်းလမိုင်းမြို့နေ ဦးမင်းသိန်းထွန်းဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“ တိုက်နယ်ဆေးရုံအတွက် ၁၆ ကုတင်က နှစ်တွေကြာပြီ၊ လူဦးရေကလဲ တိုးလာတယ်၊ လမိုင်းတိုက်နယ်ကနေ မြို့နယ်ခွဲ၊ နောက် မြို့ဆိုပြီးဖြစ်လာတော့ ဒေသဖွံ့ဖြိုးမှုနဲ့အညီ ၂၅ ကုတင်ဆေးရုံကို အဆင့်မြှင့်ပေးနိုင်ဖို့ရယ်၊ ၂၅ ကုတင်မဖြစ်ခင်ကြားကာလမှာ လက်ရှိဆရာဝန်တစ်ဦးတည်းနဲ့လုံလောက်မှုမရှိတဲ့အတွက် နောက်ထပ် ဆရာဝန်တစ်ဦး ထပ်မံချထားပေးဖို့ တင်ပြခဲ့တယ် ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒေသခံများက လမိုင်း-မော့ကနင် ဗိုလ်ချုပ်လမ်းမကြီးအား ၁၂ ပေမှ ၁၈ ပေ တိုးချဲ့ဆောင်ရွက်ရာတွင် လုပ်ငန်းအပြီးမသတ်သေးသဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားနေ၍ အပြီးသတ်ဆောင်ရွက်ပေးနိုင်ရေး၊ အမက၊ ဘူတာကုန်းအနီးရှိ ကျူးကျော်နေထိုင်သူများအား ကျောင်းဧရိယာပြင်ပပြောင်းရွှေ့ပေးနိုင်ရေး၊ တစ်ယူနစ်လျှင် ဒီဇယ်တစ်ဂါလံနှုန်းပေးဆောင်နေရသော လျှပ်စစ်မီးအား စက်ရုံအလုပ်ရုံများပေါ်ပေါက်လာစေရေးအတွက် အစိုးရလျှပ်စစ်မီးရရှိအောင်ကူညီပေးရေးတို့ကိုလည်း တင်ပြခဲ့သည်။

“ လမိုင်းမြို့စည်ပင်သာယာရေးအတွက် လိုအပ်ချက်တွေ၊ မြေဂရမ်ရရှိဖို့ခက်ခဲနေတာတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆိုင်ကယ်သူခိုးတွေပေါများလာမှုပပျောက်စေရေးတွေကို တင်ပြခဲ့သလို ပြည်သူလူထုတွေပူးပေါင်းပါဝင်ဖို့လိုအပ်လာရင်လဲ ကူညီပါဝင်ပေးဖို့ တင်ပြခဲ့တယ် ” လို့ ကိုမင်းသိန်းထွန်းဦးက ပြောသည်။

လမိုင်းဒေသခံတစ်ဦးကလည်း “ ဖြစ်သင့်တာတွေကိုပဲ တင်ပြခဲ့ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု ဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း၊ ဆက်လက်ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသံလွင်တိုင်းမ်သို့ ပြောကြားခဲ့သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.