မော်လမြိုင်၊ နိုဝင်ဘာ ၈
မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအပြောင်းအလဲသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုအပေါ် မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ သံလွင်တိုင်းမ်သို့ ပြောကြားသည်။<!--more-->
“ခင်ဗျားတို့ ပြောတဲ့သတင်း မဟုတ်ဘူး။ မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ပြောသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအား ပြောင်းလဲမည်ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်နေရာအစား တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးမှ တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီးတစ်ဦးနေရာလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်းလည်း ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ်သစ်အဖြစ် လျာထားခြင်းခံရသူ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်စံဝင့်ခိုင်က “ဒီသတင်းက ကောလာဟာလတွေပါ လုံးဝမဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး” ဟု သံလွင်တိုင်းမ်သို့ ပြောသည်။
ဦးမင်းမင်းဦးအနေဖြင့် ဝန်ကြီးချုပ်နေရာမှ အနားယူလိုကြောင်း ပါတီပြည်နယ်အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းသတင်း အပြင်သို့ပေါက်ကြားပြီး ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြည်နယ်အမှုဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်ကပြောသည်။
“ဒီကိစ္စက ပါတီဗဟို ကနေလုပ်ရမယ့် လူကြီးတွေအလုပ်ပါ။ ဝန်ကြီးချုပ်နှုတ်ထွက်မယ်ဆိုတာ အစည်းအဝေးမှာ ပြောတာ။ အပြင်ပေါက်ကြားလို့မရပါဘူး။ အစည်းအဝေးက ဟာကို ထုတ်ပြောတာကတော့ သူတို့နည်းနည်းဖောင်းတာပေါ့” ဟု ဦးအေးမင်းဟန်က သံလွင်တိုင်းမ်သို့ပြောကြားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည့် သက်တမ်း ၆ လအတွင်း ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ်မှ ခွင့်ရက်ရှည်ယူခြင်း၊ ပြည်နယ်အဆင့် ကော်မတီ ဖွဲ့စည်းရာတွင် ဝေဖန်မှုများရှိနေခြင်း၊ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် မကြာခဏ တွေ့ဆုံသည့်ဟု သတင်းများထွက်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာတွင် ပုဂ္ဂိုလ်ရေး သတင်းများထွက်ခြင်း စသည့် ဝေဖန်မှုများရှိခဲ့သူလည်းဖြစ်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးအား ဝန်ကြီးချုပ်နေရာပြောင်းလဲခြင်းကိစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ (က)အရ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်ဝန်ကြီးချုပ်(သို့မဟုတ်)ဝန်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။ (ခ) နိုင်ငံတော် သမ္မသည် (၁)လုပ်ငန်းတာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်ဝန်ကြီးချုပ်(သို့မဟုတ်)ဝန်ကြီး အား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်းလိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟု ဖော်ပြထားသည်။
သတင်း – TU Arkar Min