Dawei Watch မော်လမြိုင်၊ စက်တင်ဘာ ၅

လယ်မြေများပျက်စီးကြောင်း ဒေသခံများအသံထွက်လာပြီးနောက် မွန်ပြည်နယ်၏ ကျောက်မိုင်းများအားလုံးကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင် ကျောက်မိုင်းလုပ်ငန်းမှ မိုးရေနှင့်အတူ မျောပါလာသည့် သဲ၊ နုန်းမြေများကြောင့် လယ်မြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးကြောင်း လယ်သမားတို့က စတင် ကန့်ကွက် လာပြီးနောက် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

” စစ်ဆေးပြီးသွားရင်တော့ ပိတ်သင့်တဲ့ကျောက်မိုင်းတွေကို ပိတ်သွားဖို့ ရှိပါတယ်” ဟု ဒေါက်တာ မင်းကြည်ဝင်း က ဆိုသည်။

ဥတ္တံတားကျေးရွာ၊ တောင်ပေါ်တွင် ကျောက်ထုတ်လုပ်နေသည့် Long Life Aggregate Co.Ltd မှ မိုးတွင်း ကာလတွင် မိုးရေနှင့် အတူ မျောပါလာသည့် သဲ၊ နုန်းမြေများသည် လယ်ကွင်းထဲသို့ ဝင်ရောက်ကာ စိုက်ပျိုး ထားသည့်မိုးစပါးများ ပျက်စီးသွားသည့်အပြင် နွေစပါးစိုက်ပျိုးရန်အတွက်လည်း အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု လယ်သမားတို့က ပြောသည်။

“မိုးရွာတော့ ကျောက်မိုင်းက သဲမြေ နုန်းမြေ ကျောက်တွေက မျောလာတယ်၊ လယ်ကွင်းထဲဝင် လယ်တွေပျက် စိုက်ထားတဲ့စပါးတွေလည်းသေ အခုပြန်စိုက်ထားတယ် ဒါပေမယ့် မကောင်းဘူး၊ သဲ နုန်းတွေနဲ့ ချောင်းတွေ လည်း ကောကုန်ပြီ” ဟု ဥတ္တံတားကျေးရွာမှ လယ်သမား ဦးထွန်းက ပြောသည်။

ကျောက်မိုင်းမှ မျောဆင်းလာသည့် သဲ၊ နုန်းမြေများကြောင့် ချောင်းမြောင်းများလည်း တိမ်ကောလာကာ ချောင်းများကိုမှီခိုပြီး နွေးစပါးစိုက်ပျိုးနေကြရသည့် လယ်သမားအတွက်လည်း စပါးစိုက်ပျိုးရန် အခက်အခဲ ရှိနေသည်။

“လယ်ဧက ၂၀၀ ကျော်လောက် ပျက်စီးသွားတာပေါ့ အခုတော့ ပြန်စိုက်ထားကြတယ်၊ ဒါပေမယ့် မကောင်း တော့ဘူး၊ လယ်ကွက်တွေလည်း ပျက်စီးတာ ချောင်းတွေဆိုရင်လည်း သဲတွေ နုန်းတွေ ဖို့နေတယ်” ဟု ဥတ္တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချွန်ထူးက ပြောသည်။

လယ်သမားများအနေဖြင့် ပျက်စီးသွားသည့် လယ်မြေများအတွက် လျော်ကြေးတောင်းရန် Long Life Aggregate Co., Ltd နှင့် တွေ့ဆုံသွားရန် စီစဉ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ကုမ္ပဏီဘက်က ထိုကဲ့သို့မဖြစ်ပွားအောင် နုန်တားတမံများ လုပ်ပေးထားကြောင်း သို့သော်လည်း မိုးအလွန်ကြီး သည့်အတွက် ယခုကဲ့သို့ ဖြစ်သွားခဲ့ရသည်ဟု ပြောသည်။

ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်ပျောက်ဆုံးခြင်းများ၊ လယ်ယာချောင်းမြောင်းပျက်စီးခြင်းများနှင့် ဥယျာဉ်ခြံမြေပျက်စီးမှုများအစရှိသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများရှိသည်ဟုဆိုပြီး ကျောက်ထုတ် လုပ်မှုကို ရပ်တန့်ပေးရန် ဒေသခံတို့က ပြည်နယ်အစိုးရနှင့် လွှတ်တော်သို့ တင်ပြထားသည့်အပြင် ဇွန်လက လည်း ကျောက်ထုတ်လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်က ဆန္ဒပြတောင်းဆိုထားသည်။
logo-osx
ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင် လယ်မြေဧကပေါင်း ၂၀၀ဝ ကျော်ရှိပြီး ကျောက်မိုင်းကြောင့် လယ်မြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.