(photo- internet)

Dawei Watch မော်လမြိုင်၊ စက်တင်ဘာ ၂

မွန်ပြည်နယ်အတွင်း လက်ကိုင်စက်လွှ (Chain Saw) များ အသုံးပြုနေမှုကို ထိန်းချုပ်နိုင်ရန် သြဂုတ်မှစပြီး စတင် စိစစ်လျက်ရှိ ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မွန်ပြည်နယ် သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

လက်ကိုင်စက်လွှများကို သက်ဆိုင်ရာ ခရိုင်သစ်တောဦးစီး၏ ခွင့်ပြုချက်ဖြင့် ရောင်းချရမည်ဖြစ်ပြီး အရောင်းဆိုင်များကို သစ်တောနှင့် စည်ပင်ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်ရမည်ဟု အထက်ပါ ဌာနမှ သိရသည်။

လက်ကိုင်စက်လွှအဝင် စာရင်း၊ အရောင်းစာရင်းနှင့် လက်ကျန်စာရင်များကိုလည်း သက်ဆိုင်ရာခရိုင်၊ မြို့နယ်သစ်တောဌာနသို့ လစဉ်တင်ပြရမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဇွန်လခန့်ကညွန်ကြားထားသည်ဟု မွန်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

ယင်းသို့စိစစ်ရန် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်နှင့် သစ်တောဌာနတို့ ပါဝင်သည့် ခရိုင်နှင့်မြို့နယ်အလိုက် ကြီးကြပ်ရေး ကော်မတီကိုလည်း ဇွန်လကုန်ခန့်ကတည်းက ဖွဲ့စည်းထားသည်ဟု သိရသည်။

(photo- internet)
(photo- internet)

မွန်ပြည်နယ်တွင် လိုင်စင်ပြုထုတ်ပေးထားသည့် လက်ကိုင်စက်လွှများမှာ သထုံခရိုင်တွင် ၃၈ လက်၊ မော်လမြိုင်ခရိုင်တွင် ၁၄၀ လက် ရှိပြီး အများဆုံးသည် ရာဘာပင်များ ခုတ်လှဲ ဖြတ်တောက်ရာတွင် အသုံးပြုနေကြကြောင်း မွန်ပြည်နယ်၁၀ မြို့နယ်အနက် ရေးမြို့နယ်သည် လက်ကိုင်စက်လွှ အသုံးပြုမှု အများဆုံးပြည်နယ်ဖြစ်ကြောင်း ပြည်နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။

သစ်တောဥပဒေ ပုဒ်မ-၄၂ (ဂ) အရ လက်ကိုင်စက်လွှ (Chain Saw) များကို အသုံးပြုမည်ဆိုပါက သစ်တောဦးစီးဌာနတွင် လိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး လိုင်စင်ပါ စည်းကမ်းချက် ၉ ချက် မလိုက်နာပါက သစ်တောဥပဒေ ပုဒ်မ-၄၀ (ဇ) ဖြင့်အရေးယူရ မည်ဟု ပြည်နယ် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးက ရှင်းပြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.