တင်အောင်စန်း(မော်လမြိုင်)
(က)
အီတလီနိုင်ငံ ပီစာမြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး (၁၀၆၃)ခုနှစ်မှာ ပီစာမြို့သားတွေ စစ္စလီကျွန်းမှာရှိတဲ့ ပလာမိုမြို့ကိုတိုက်ခိုက်အောင်မြင်ခဲ့တယ်။ မြို့ရဲ့အရေးပါမှုကို ကမ္ဘာကသိအောင် ဆို ပြီးဘုရားကျောင်းတစ်ခုဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဘုရားဝတ်ပြုကျောင်း၊ ရေနှစ်ခြင်းမင်္ဂလာပြုရန်အဆောက်အဦ၊ ခေါင်းလောင်းစင် (ပီစာမျှော်စင်) နဲ့ သင်းချိုင်းတို့ပါဝင်တဲ့ ကျောင်းတော်ကို (၁၁၇၃) သြဂုတ်လမှာစတင်တည်ဆောက်ခဲ့တယ်။ မြေပျော့ပြီး အောက်ခံဖောင်ဒေးရှင်းမကောင်းတဲ့အတွက်နဲ့ စစ်ဖြစ်ရတဲ့အတွက်ကြောင့် ဆောက်နေရင်းအကြိမ်ကြိမ် ရပ် နားခဲ့ရတယ်။ ပီစာမျှော်စင်ကို(၁၁၇၈)ခုနှစ်မှာ တတိယထပ်ဆောက်လုပ်စဉ် တစ်ဖက်သို့တိမ်းစောင်း သွား ခဲ့တယ်။
နှစ်ပေါင်း(၂၀၀)နီးပါးအကြာ(၁၃၇၂)ခုနှစ်မှာမှ ဆောက်လုပ်ပြီးစီးခဲ့တယ်။အထပ်(၈)ထပ်ရှိပြီး ထိပ် ဆုံးအထပ်မှာ ခေါင်းလောင်း(၇)လုံးရှိတယ်။ တစ်ဖက်သို့သိသိသာသာ (၄)ဒီဂရီနီးပါးတိမ်းစောင်းနေတယ်။ မြင့်တဲ့ဘက်က ၅၆.၆၇မီတာ(၁၈၅.၉၃)ပေရှိပြီး နိမ့်တဲ့ဘက်က ၅၅.၈၆ မီတာ(၁၈၃.၂၇)ပေရှိတယ်။ အဲဒီတိမ်းစောင်းမှုဟာပီစာမျှော်စင်ကိုပိုပြီးနာမည်ကြီးစေခဲ့တယ်။
ဒုတိယကမ္ဘာစစ်မှာ ဒီဘုရားကျောင်းကို ဂျာမန်တွေက စစ်စခန်းလုပ်ပြီးအမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်။ အမေရိကန်စစ်ဌာနချုပ်(ပင်တဂွန်)က ဒီဘုရားကျောင်းကို ဗုံးကြဲဖို့ အမိန့်ပေးခဲ့တယ်။ ဒါ ပေမယ့် အီတလီစစ်မြေပြင်မှဗိုလ်ချုပ်က ဒီအမိန့်ကိုမနာခံခဲ့ဘူး။ ဒီရှေးဟောင်းဘုရားကျောင်းဟာ အလွန် လက်ရာမြောက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတယ်။ သူ့အနေနဲ့ ဒီဘုရားကျောင်းအဆောက်အဦတွေကို ဖျက်ဆီပစ်ဖို့ နှမြောနေတယ်။ဒါနဲ့သူက ဗုံးမကြဲဘဲ ချမ်းသာပေးလိုက်တယ်။ စစ်ပြီးတော့အဲဒီဗိုလ်ချုပ်ကို အ မိန့်မနာခံရကောင်းလားဆိုပြီးတော့ စစ်ခုံရုံးတင်ခဲ့တယ်။
“ဒီနှစ်ပေါင်း(၂၀၀)နီးပါး ခက်ခက်ခဲခဲဆောက်လာရတဲ့ အနုပညာလက်ရာမြောက် ဘုရားကျောင်း ကြီးကို ဖျက်ဆီးခြင်းဟာ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှု(Crime against Humanity)မြောက်တယ် လို့ကျွန်တော်ယူဆတယ်။ဒါကြောင်းဗုံးမကြဲခဲ့ခြင်းဖြစ်တယ်။ ဒီအတွက်လူကြီးမင်းတို့စစ်ခုံရုံးက ကျွန်တော့်ကို ကြိုက်တဲ့အပြစ်ပေးနိုင်တယ်။”ဆိုပြီး အဲဒီဗိုလ်ချုပ်က ရဲရဲကြီးထွက်ဆိုခဲ့တယ်။
ပီစာမျှော်စင်ရဲ့အံ့မခန်းအနုလက်ရာတွေကို ကြည့်ရှုမြင်တွေ့ကြသူအားလုံးဟာ အမိန့်မနာခံတဲ့ အ မေရိကန်စစ်ဗိုလ်ချုပ်ကြီးကို ကျေးဇူးတင်နေကြမှာ အမှန်ပဲဖြစ်ပါတော့တယ်။
(ခ)
နပိုလီယံဘိုနာပတ်(Napoleon Bonaparte)ဟာ အကျဉ်းချခံထားရတဲ့ အဲလ်ဗားကျွန်းကထွက်ပြေး ပြီး သူ့ဇာတိမြေပြင်သစ်ကမ်းခြေကို လှေတစ်စင်းနဲ့ ပြန်ရောက်လာတယ်။နပိုလီယံပြင်သစ်မြေပေါ်ရောက်ပြီ ဆိုတာကြားလို့ လူဝီ(၁၈)ဘုရင်ရဲ့စစ်သားတွေရောက်လာကြပြီး နပိုလီယံကမ်းတက်လာတဲ့ ကမ်းခြေအ ထက်ကနေ သေနတ်တွေနဲ့ချိန်ထားကြတယ်။
ပြင်သစ်စစ်သားတွေက သူ့ကိုသေနတ်တွေနဲ့ချိန်ထားတဲ့နေရာဆီကို နပိုလီယံဟာလက်နက်မပါဘဲ တစ်လှမ်းချင်းတစ်လှမ်းချင်းခပ်ဖြည်းဖြည်း လျှောက်သွားတယ်။စစ်သားတွေဟာနပိုလီယံကိုသေနတ်တွေနဲ့ ချိန်ထားပြီးအထက်ရဲ့ပစ်မိန့်ကိုစောင့်နေကြတယ်။သေနတ်ကိုင်စစ်သားတွေရဲ့လက်တွေဟာတုန်လာတယ်။
နပိုလီယံက ဟစ်ကြွေးလိုက်တယ်။
“ရဲဘော်တို့ ငါဟာမင်းတို့ရဲ့သူရဲကောင်းနပိုလီယံပဲ။မင်းတို့ရဲ့လက်ထဲကသေနတ်တွေနဲ့ ပစ်ချင်တဲ့ သူရှိရင် ငါ့ရင်ဘတ်ကိုတည့်တည့်ပစ်ထည့်လိုက်ကြပါ။ ငါသေရမှာမကြောက်ဘူး။ ငါဟာအဖပြင်သစ်နိုင်ငံအ တွက် မင်းတို့ရှိရာကို လာရောက်ပူးပေါင်းတာဖြစ်တယ်။”
နပိုလီယံရဲ့စကားလည်းဆုံးရော ပြင်သစ်စစ်သားတွေဟာ နပိုလီယံကိုချိန်ထားကြတဲ့သေနတ်တွေ ကို မြေကြီးပေါ်ပစ်ချလိုက်ကြပြီး နပိုလီယံရှိရာဝိုင်းအုံပြေးလာကြကာ ဝိုင်းပြီးချီပိုးမြှောက်တင်လိုက်ကြတယ်။
“သူရဲကောင်းနပိုလီယံ၊ပြင်သစ်ပြည်ရဲ့နပိုလီယံ”ဆိုတဲ့ကြွေးကြော်သံတွေဟာ မိုးထိညံသွားတယ်။(ဒီသတင်း လည်းကြားရော လူဝီ(၁၈)ဘုရင်ဟာအင်္ဂလန်ကိုထွက်ပြေးသွားခဲ့တယ်။ပြင်သစ်ပြည်ဟာနပိုလီယံရဲ့ပြင်သစ် ပြန်ဖြစ်လာတယ်။
(ဂ)
တူရကီနိုင်ငံဟာ အရှေ့ဥရောပနဲ့ အနောက်အာရှအကြား တစ်ပြန့်တစ်ပြောတည်ရှိပါတယ်။ အဲဒီတူ ရကီနိုင်ငံမှာ (၁၆၊ရ၊၂၀၁၆) စနေနေ့မှာသမ္မတ ယီဆက်ပ်တေယစ်ပ် အာဒိုဂန် (Recep Tayyip Erdogan )
နိုင်ငံတောင်ပိုင်းဆီခရီးထွက်နေချိန် ညအချိန်မှာ တူရကီစစ်တပ်က အသံလွှင့်ရုံကနေ တူရကီနိုင်ငံရဲ့အာ ဏာကိုသိမ်းယူလိုက်ကြောင်း ကြေညာပါတယ်။
ဒါဟာစစ်တပ်တစ်ခုလုံးမပါဘဲ အချို့ကသာအာဏာသိမ်းတာဖြစ်ပါတယ်။ တိုက်ရေယာဉ်၊ရဟပ် ယာဉ်တွေဝဲပျံနေသလို အစ္စတန်ဘူမြို့ရဲ့လမ်းတွေတံတားတွေမှာ တင့်ကားတွေ၊စစ်သားတွေ နေရာယူပြီး ပါ ပြီ။ တစ်ကမ္ဘာလုံးကလည်းဒီအဖြစ်ကိုအံ့သြစွာစောင့်ကြည့်နေကြတဲ့အနေအထားမှာ တူရကီပြည်သူတွေ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီနည်းကျကျ ရွေးချယ်ထားတဲ့အစိုးရဟာ ဖြုတ်ချခံရပြီး စစ်အုပ်ချုပ် ရေးလက်အောက်ရောက်မယ့် အနေအထားဖြစ်သွားပါတယ်။စစ်ဦးစီချုပ်ကိုယ်တိုင်လည်း အဖမ်းခံနေရပါ တယ်။
ဒီအချိန်မှာ သမိုင်းဝင်စကားတစ်ခွန်းကို သမ္မတအာဒိုဂန်ကပြောကြားပါတယ်။“ပြည်သူတို့…ခင်ဗျား တို့ ရွေးချယ်ထားတဲ့အစိုးရကို ကူညီချင်ရင် လမ်းပေါ်ထွက်ပြီး အာဏာသိမ်းသူတွေကို ပြည်သူ့အားနဲ့ဆန့် ကျင်ကြပါ။ဒီမိုကရေစီကို ကာကွယ်ကြပါ။”တဲ့။ တူရကီပြည်သူတွေဟာ ဘာမှတွေးမနေတော့ဘဲ ဒီမိုကရေစီ ကိုကာကွယ်ဖို့ လမ်းပေါ်ထွက်ပြီး စစ်သားတွေကို ဆန့်ကျင်ဟန့်တားကြပါတော့တယ်။ပြည်သူတွေဟာ တင့် ကားတွေသွားမရအောင် လမ်းပေါ်လှဲအိပ်ကြတာတွေနဲ့အသက်ကိုပဓါနမထားဘဲ စစ်သားတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားတာတွေ လုပ်လာကြပါတယ်။
ဒီအချိန်မှာပဲ သမ္မတက စစ်တပ်ကို စကားတစ်ခွန်းပြောကြားပါတယ်။“စစ်သားတို့ မင်းတို့အခု သေ နတ်နဲ့ချိန်ရွယ်ထားကြသူတွေဟာ မင်းတို့ရဲ့မိဘတွေ မောင်နှမတွေနဲ့ချစ်တဲ့သူငယ်ချင်းတွေပါ။” ဆိုတဲ့ပြော စကားမှာစစ်သားတွေဟာ နောက်ပြန်ဆုတ်ခွာကြပြီး လက်နက်ချခဲ့ကြပါတော့တယ်။
လက်နက်မချတဲ့ကျန်ရစ်သူအနည်းငယ်ကို ရဲအထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးလိုက်လံဖမ်းဆီး ပါတယ်။အဲဒီအခြေအနေမှာတော့ ညမထွက်ရအမိန့်ထုတ်ထားပြီးသမ္မတဟာ အန်ကာရာမြို့ကိုပြန်လည် ရောက်ရှိလာကာ အာဏာကိုပြန်လည်ရယူလိုက်ပါတယ်။(ဒီအာဏာသိမ်းမှုမှာနောက်ကွယ်ကနေကြိုးကိုင် နေသူဟာအမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ဖက်သူလပ်ရှ်ဂူလန်(Fethullah Gulen)ဖြစ်တယ်လို့ဆိုပါတယ်။ အာဒိုဂန်က အမေရိကန်သမ္မတအိုဘားမားကို ဖက်သူလပ်ရှ်ဂူလန်အား တူရကီသို့လွှဲအပ်ဖို့တောင်းဆို ထား ပါတယ်။)
ဒီမိုကရေစီကိုကာကွယ်ခဲ့တဲ့ တူရကီသူရဲကောင်းပြည်သူတွေကတော့မိမိတို့ရဲ့အိမ်ဂေဟာတွေဆီ စိတ်လက်ချမ်းသာစွာ ပြန်ခဲ့ကြပါတော့တယ်။တကမ္ဘာလုံးမှာရှိကြတဲ့လူသားအပေါင်းကတော့အမှတ်ရဖွယ်ဒီ ညကိုအမြဲသတိရနေကြတော့မှာဖြစ်ပါတယ်။စည်းလုံးခြင်းဟာအင်အားဖြစ်ကြောင်းကို တူရကီပြည်သူတွေ ဟာ ဒီညမှာ ကမ္ဘာကိုသက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တူရကီရဲ့မအောင်မြင်တဲ့စစ်တပ်အာဏာသိမ်းမှုအပြီး မှာ စစ်သားအများစုအပါအဝင် လူပေါင်း(၆၀၀၀)ခန့်ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရပါတယ်။
တူရကီစစ်အာဏာသိမ်းဗိုလ်ချုပ်ရဲ့လက်အောက်ခံစစ်သားတွေ လက်နက်ချအညံ့ခံခဲ့ရပါပြီ။ ဒါတွေ ကိုကြည့်ရင် ဘယ်ဘာသာဝင်မဆို ဘယ်လူမျိုးမဆို ယနေ့ကမ္ဘာမှာ စစ်တပ် အာဏာသိမ်း အုပ်ချုပ်မှုမျိုးကို လုံးဝမနှစ်သက်လက်မခံတော့ဘူးဆိုတာ သိသာထင်ရှားနေပြီဖြစ်ပါတော့တယ်။လူ့အသိုင်းအဝိုင်းရဲ့ ယဉ် ကျေးမှုဆိုင်ရာတိုးတက်ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေကိုမလေးစား၊အကြမ်းဖက်ရက်စက်ပြီး လူသားချင်းမစာနာတဲ့ စစ်အာဏာရှင်တွေရဲ့လမ်းစ ဟာ တူရကီနိုင်ငံမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။
(ဃ)
တကယ်တော့ ပီစာမျှော်စင်ကို ဗုံးခွဲဖျက်ဆီးဖို့ချမှတ်ခဲ့တဲ့အမိန့်ကို မနာခံခဲ့တဲ့ဗိုလ်ချုပ်ကြီး၊ နပိုလီယံ ကို ပစ်သတ်ဖို့ပေးထားတဲ့လူဝီဘုရင်(၁၈)ရဲ့အမိန့်ကိုမနာခံခဲ့တဲ့ ဘုရင့်တပ်မတော်သားတွေနဲ့ပြည်သူတွေ ဒီ မိုကရေစီဆိတ်သုဉ်းသွားမှာကို သူတို့ရဲ့တပ်မတော်အကြီးအကဲတွေ အပြစ်ပေးအရေးယူမယ့်ပြစ်ဒဏ်တွေ ထက်ကြောက်ခဲ့ကြတဲ့ တူရကီနိုင်ငံရဲ့တပ်မတော်သားတွေဟာ ဘာကြောင့်များ အထက်ကပေးအပ်ခဲ့တဲ့ အမိန့်ကို ဖီဆန်ခဲ့ကြသလဲဆိုတဲ့အဖြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်။
ကျွန်တော်နားလည်ထားတာကအာဏာရှင်စနစ်မှာ အာဏာရှင်တွေပိုင်ဆိုင်တဲ့အမိန့်နဲ့အာဏာပဲဖြစ် ဖြစ်၊ဒီမိုကရေစီစနစ်မှာ ပြည်သူတွေကအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ဖြစ် အဲဒီအရာတွေဟာ အမှန်တရား ကို ကာကွယ်စောင့်ရှောက်ရမယ့် လက်နက်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီတော့ အမိန့်နဲ့ အာဏာအောက်မှာအမှန်တရားက ရှိမနေဘဲ အမှန်တရားရဲ့အောက်မှာသာ အမိန့်နဲ့အာဏာရှိနေရမှာဖြစ်ပါ တယ်။
ဒီတော့ ပီစာမျှော်စင်ကို ဗုံးမခွဲခဲ့တဲ့ဗိုလ်ချုပ်ကြီး၊ နပိုလီယံကို ပစ်မသတ်ခဲ့တဲ့ဘုရင့်တပ်မတော်သား တွေနဲ့ တူရကီနိုင်ငံကတပ်မတော်သားတွေဟာ အမိန့်နဲ့အာဏာရဲ့အထက်မှာ အမှန်တရားရှိသင့်တယ် ဆို တာ ယုံကြည်နေပြီး အာဏာရဲ့အမိန့်ထက် အမှန်တရားရဲ့အမိန့်ကိုသာနာခံပြီး အာဏာကိုဖီဆန်လိုက် ကြတာ ဖြစ်တယ်လို့ ကျွန်တော်နားလည်လိုက်မိပါတယ်။
အာဏာရှင်စနစ်မှာ ဘယ်လောက်ပဲရိုးသားဖြောင့်မတ်သူဖြစ်ဖြစ် အာဏာဟာ မိမိတစ်ယောက် တည်း အပေါ်မှာပဲ မူတည်တဲ့အတွက် မိမိရဲ့အတ္တ၊ မိမိရဲ့မာန၊မိမိရဲ့မောဟတွေကြောင့် မှားတဲ့အမှားတွေကို ထောက်ပြမယ့်သူတွေကင်းမဲ့ရာကနေ ငါတစ်ကောကောရင်း ပြည်သူတွေကို ဆန့်ကျင်တဲ့အာဏာရှင်ဖြစ် မှန်းမသိဖြစ်သွားပါတော့တယ်။ အဲဒီအခါမှာ အမှန်တရားဟာအာဏာရဲ့အောက်ဆီကို အနှေးနဲ့အမြန် နိမ့် လျှောကျဆင်း ရောက်ရှိသွားပါတယ်။
ဒီမိုကရေစီနိုင်ငံမှာ ပြည်သူအများရဲ့မဲနဲ့ ရွေးချယ်တင်မြောက်ထားတဲ့ပြည်သူကိုယ်စားလှယ်တွေအ နက်က အချို့ပုဂ္ဂိုလ်တွေဟာ စိတ်မချရတဲ့အခါ ပြည်သူ့ဆန္ဒတွေနဲ့ပဲဖြုတ်ချရပါမယ်။ သမ္မတမကောင်းလို့ လက်နက်နဲ့ပဲဖြစ်ဖြစ် အာဏာသိမ်းမယ်ဆိုရင် အာဏာရှင်စနစ်ဆီပဲ ဦးတည်သွားမှာမို့ အမှန်တရားဟာ အောက်ကျနောက်ကျဖြစ်သွားပါဦးမယ်။
တကယ်တော့အာဏာဆိုတာသစ္စာခံတွေနဲ့တကွ လက်နက်နဲ့တည်ဆောက်ရပြီး လုပ်ပိုင်ခွင့်ဆိုတာ က ပြည်သူ့ဆန္ဒနဲ့ တည်ဆောက်ရပါတယ်။သို့ပေမယ့်လည်း လုပ်ပိုင်ခွင့်ဆိုတာ အာဏာနဲ့အလွှာပါးပါးပဲခြား ပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ နည်းဗျူဟာအရ ရှောင်တခင်ဆုံးဖြတ်ဆောင်ရွက်ရမယ့်ကိစ္စတွေ မှာမိမိ တစ်ဦးတည်းရဲ့အကြံဉာဏ်နဲ့ဆောင်ရွက်ရတတ်ပါတယ်။ အဲဒီ ဆောင်ရွက်ချက်ဟာ အများဆန္ဒနဲ့ သွေဖီသွားပြီး အများပျက်စီးကြောင်းဆီဦးတည်သွားမယ်ဆိုရင်မိမိရဲ့လုပ်ပိုင်ခွင့်ဟာ အာဏာဖြစ်သွားပြီး မိမိလည်း အာဏာရှင်ဖြစ်သွားပါမယ်။
အမှန်တရားဆိုတာ အများရဲ့အကျိုးကို ရှေးရှုတာမို့ အများရဲ့ဆန္ဒသာလျှင်အမှန်တရားဖြစ်ပါတယ်။
အကယ်၍များမည်သူမဆို အများရဲ့ဆန္ဒကိုသွေဖီပြီးမတရားအာဏာသိမ်းပြီးအုပ်ချုပ်မယ်ဆိုရင်တော့ အမှန် တရားကို အမိန့်နဲ့အာဏာရဲ့အထက်မှာ ထာဝရရှိစေလိုတဲ့ပြည်သူတွေ၊ ပြည်သူတွေကိုဝန်းရံနေတဲ့ တပ်မ တော်သားတွေနဲ့ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေရဲ့စည်းလုံးညီညွတ်တဲ့အင်အားနဲ့ထိပ်တိုက်တိုးမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါတော့တယ်။
စာကိုး
၁။credit to Yu Yu Wai with Min Saw and Soe Soe Min.
၂။credit to Kyaw Swar.
၃။credit to Win Htein.
၄။credit to Nay Thway.
၅။အမိန့်နှင့်သူ၏ရပ်ဝန်းဒေသဆောင်းပါး(ဆရာနတ်မှူး)
ရွှေအမြုတေမဂ္ဂဇင်း၊အမှတ်(၃၀၁)ဒီဇင်ဘာ ၂၀၁၄။
၆။ဆရာထောင်သူရဲဘအုပ်၏ သူရိယနေဝန်းဂျာနယ် ဆောင်းပါး
၁၁၊ဇူလိုင်လ၊၂၀၁၅။
တင်အောင်စန်း(မော်လမြိုင်)