ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေပြောပြတဲ့ပုံပြင်တွေကို နားထောင်ခဲ့ဖူးကြပါတယ်။ လူ ကြီးဖြစ်လာတဲ့အခါမှာလည်း လူကြီးတွေနဲ့ဆိုင်တဲ့ပုံပြင်တွေကို မိတ်ဆွေသူငယ်ချင်းအချင်းချင်းပြောရင်း ဒါမှ မဟုတ်စာအုပ်တွေထဲကနေ ကျွန်တော်တို့ကြားသိကြရပါတယ်။ အဲဒီပုံပြင်တွေထဲကအချို့ဟာ သဘာဝမ ကျ၊ ယုတ္တိမရှိဘူးလို့ထင်ရပေမယ့် ပုံပြင်အားလုံးလိုလိုကတော့ ကျွန်တော်တို့ကိုခံစားမှုရသတွေပေးရင်း ဘ၀ မှာနေတတ်အောင် ဆုံးမသွန်သင်ပညာပေးပါတယ်။

ဆရာဆန်းထွန်းသောင်းရေးတဲ့“ဒဿနစာစုများ”စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ဖတ်ရပါတယ်။ အဲ ဒီဆောင်းပါးထဲမှာ ပုံပြင်လေးတစ်ပုဒ်ပါဝင်ပါတယ်။စိတ်ရောဂါကုဆေးရုံတစ်ရုံမှာ လူနာတစ်ဦးစာထိုင်ရေးနေ ပါတယ်။ စိတ်ကုဆရာဝန်တစ်ယောက် အနားကိုရောက်လာပြီးလူနာကို “ဘာတွေရေးနေတာလဲ” ဆိုပြီး မေး လိုက်ပါတယ်။လူနာက“စာရေးနေတာပါ”လို့ပြန်ဖြေပါတယ်။ ဆရာဝန်က “ဘယ်သူ့ဆီရေးနေတာလဲ” ဆို တော့ လူနာက“ကျွန်တော့်ဆီကိုရေးနေတာပါ”တဲ့။

“ဘာအကြောင်းတွေ ရေးနေသလဲ”လို့ဆရာဝန်ကမေးလိုက်တော့ လူနာက“စာတိုက်ကိုသွားမထည့် ရသေးဘူး။ စာကလည်းရောက်မလာသေးဘူးဆိုတော့ မဖတ်ရသေးဘူးလေ။ဘာတွေရေးထားမှန်းမသိသေး ဘူး” ဆိုပြီးပြန်ဖြေလိုက်ပါတယ်။

ဒီပုံပြင်ကိုဖတ်ရတဲ့အခါ ကျွန်တော် ပြုံးရယ်မိလိုက်ပါတယ်။ ဒီပုံပြင်နဲ့ပတ်သက်ပြီး ဆရာဆန်းထွန်း သောင်းက“လူတိုင်းဟာ ကိုယ့်ဆီကိုစာရေးနေကြသူများဖြစ်တယ်။နေ့စဉ်နဲ့အမျှ ကိုယ်နဲ့ဆိုင်ရာကိစ္စရပ်တွေ ကို ဆောင်ရွက်နေကြရတယ်။အချုပ်ဆိုရပါရင် လူတိုင်းဟာ ကာယကံ၊ ဝစီကံ၊မနောကံဆိုတဲ့ ကံသုံးပါးနဲ့ပြု မူနေတာတွေဟာ မိမိဆီကိုမိမိ စာရေးနေတာနဲ့တူတယ် ဆိုတဲ့အကြောင်း။ ကိုယ်ပြုလုပ်လိုက်တဲ့ အပြုအမူ တွေရဲ့အကျိုးရလဒ်တွေကို ချက်ခြင်းမသိနိုင်၊မရနိုင်သေးတဲ့အခြေအနေတွေနဲ့ကြုံတဲ့အခါ (စာမရောက်လား သေးလို့မသိသေးဘူး) ဆိုတဲ့စကားနဲ့တူတယ်”ဆိုတဲ့အကြောင်း ဆောင်းပါးမှာ ရှင်းပြထားပါတယ်။

စာဖတ်ပြီးတဲ့နောက် “လူဆိုတာကိုယ့်သမိုင်းကိုယ်ရေးနေကြသူချည်းဖြစ်တယ်” ဆိုတဲ့စကား ကျွန် တော် သတိရသွားပါတယ်။ တစ်ဆက်တည်းနောက်ထပ် စကားတစ်ခွန်းနဲ့ သွားပြီးဆက်စပ်မိပြန်ပါတယ်။

မိဘတွေက မိမိတို့သားသမီးတွေအပေါ် ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်ကြတယ်။ဆင်နင်းပြီးမြင်းကန် တာမမြင်ချင်ကြဘူးဆိုတဲ့စေတနာနဲ့ သားသမီးကို သင့်တော်ရာနဲ့အိမ်ထောင်ချပေးဖို့စီစဉ်ထားတာမှာ သား သမီးက မိမိချစ်ခင်စုံမက်သူရဲ့အနောက် ကောက်ကောက်ပါလိုက်သွားတဲ့အခါ “သင်းတို့ကို ကောင်းစေချင် လို့ မိဘက လက်နဲ့ရေးထားတာကို သင်းတို့က ခြေနဲ့ဖျက်သွားကြတယ်”ဆိုတဲ့စကားပြောရင်းမိဘတွေ ဒေါ သဖြစ်ကြပါတယ်။

ဒီစကားသွားအရ စာရေးတယ်ဆိုတာ ဆောင်ရွက်ခြင်းဆိုတဲ့ သွယ်ဝိုက်အဓိပ္ပာယ်လည်းရှိနေသေး တာကို ဆင်ခြင်မိပြီးဆရာဆန်းထွန်းသောင်းရဲ့ဖွင့်ဆိုရှင်းလင်းချက်နဲ့တကွ ပုံပြင်ရဲ့အဓိပ္ပာယ်ကို ကျွန်တော် သေသေချာချာ သဘောပေါက်သွားပါတော့တယ်။

ကျွန်တော်တို့တွေ နိစ္စဓူဝကြံစည်၊ပြောဆို၊ပြုမူနေကြတာတွေဟာ ကျွန်တော်တို့က ကျွန်တော်တို့ဆီ စာတွေရေးနေတာဖြစ်သလို အဲဒီစာဟာ လူအများနဲ့သက်ဆိုင်သွားပြီး လူအများပြန်လည်ဖတ်ရှုရမယ့် စာ လည်းဖြစ်သွားတတ်ပါတယ်။အဲဒီအခါမှာ မိမိရဲ့သမိုင်းဟာလူအများရဲ့သမိုင်းလည်းဖြစ်သွားပါတော့တယ်။
ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။ သာမန်မိသားစုလေးတစ်ခုကမွေးဖွားလာပြီး ပန်းချီဆရာတစ် ယောက်ဖြစ်ချင်စိတ် ပြင်းပြခဲ့ပေမယ့် ရည်ရွယ်ချက်ကင်းမဲ့ခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ အဲဒီကောင်လေးဟာကမ္ဘာ့သမိုင်းမှာနာမည်ဆိုးနဲ့ကျော်ကြားပြီး မိမိကိုယ်မိမိ မြေအောက်ဗုံးခိုကျင်းမှာအဆုံး စီရင်လိုက်ရတဲ့
ဂျာမနီ ပြည်ကြီးရဲ့အာဏာရှင် အဒေါ့ ဟစ်တလာ(Adolf Hitler) ပဲ ဖြစ်ပါတယ်။

သူဟာမိခင်ရဲ့ပုံတူပန်းချီပုံတစ်ပုံကို စာရွက်အလွတ်ပေါ်မှာဆွဲပြီး ရင်ဘတ်ကြားထဲအမြဲသိမ်းထား ကာ သွားလေရာအိတ်ကပ်ထဲ ထည့်ယူသွားလေ့ရှိပါတယ်။လူပျိုပေါက်အရွယ်မှာ လင့်ဇ်မြို့ကအလယ်တန်း ပညာရေးကိုစွန့်လွှတ်ခဲ့ပြီး ဗီယင်နာ(Vienna)မြို့တော်ကို ပန်းချီဆရာသို့မဟုတ် ဗိသုကာပညာရှင် ဖြစ်ချင် စိတ်နဲ့ လူငယ်လေးဟစ်တလာ ရောက်လာပါတယ်။ ဗီယင်နာမြို့မှာနေစဉ် ဗိသုကာဆိုင်ရာရေဆေးရောင် စုံပန်းချီကားပေါင်းများစွာ ရေးဆွဲခဲ့ပါတယ်။ သို့သော်လည်းသူရေးဆွဲနေတဲ့ပန်းချီပညာဟာ ဗီယင်နာအကယ် ဒမီအနုပညာကျောင်း (Viennese Academy Fine Arts) ကိုတက်ရောက်ဖို့ အရည်အချင်းစစ်စာမေးပွဲအ တွက်တော့ အရည်အသွေးမမီခဲ့ရှာပါ။ ၁၉၀၇ခုနှစ်အတွင်း ဗီယင်နာမြို့မှာနေရင်း အဲဒီကျောင်းတက်ဖို့ ကြိုး စား ခဲ့ပေမယ့် နှစ်ကြိမ်တိတိ ဝင်ခွင့်ငြင်းဆန် အပယ်ခံရတဲ့အတွက် ဟစ်တလာရဲ့ရည်မှန်းချက်အိပ်မက်တွေ လုံးဝဥဿုံပျက်ပြယ်ခဲ့ရပါတော့တယ်။

အဲဒီမြို့မှာ(၃)နှစ်ကြာစားရမဲ့သောက်ရမဲ့ဘဝနဲ့ နောက်ဖေးလမ်းကြားမှာအိပ်ရတဲ့ အိမ်ခြေရာခြေမဲ့ တစ်ယောက်အဖြစ် ဘဝရဲ့အထုအထောင်းကို ကျောကော့အောင်ခံခဲ့ရပါတယ်။အနာဂတ်မှာ ဖျူရာ(Fuhrer) လို့ခေါ်တဲ့ဂျာမနီခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ့်ဟစ်တလာဟာ သူ့လိုအခြေမဲ့တစ်ဦးနဲ့အတူ အဆင့် မမီတဲ့ ကိုယ်တိုင်ရေးပန်းချီကားရောင်းစားရင်း သမုဒ္ဒရာဝမ်းတစ်ထွာကိစ္စကိုဖြေရှင်းခဲ့ရပါတယ်။ (၁၉၁၃)ခု နှစ်မှာတော့ဗီယင်နာမြို့ကနေ မြူးနစ်မြို့(Munich)ကိုရောက်ရှိလာပါတယ်။ မြူးနစ်မြို့ကိုရောက်တဲ့အထိ သူ ဖြစ်ချင်လှတဲ့ ပန်းချီဆရာဘဝကိုမစွန့်လွှတ်သေးပေမယ့် (၁၉၁၄)ခုနှစ်သြဂုတ်လ(၁)ရက်နေ့မှာတော့ ပထမ ကမ္ဘာစစ်ကြီးကိုထောက်ခံကြိုဆိုတဲ့ တရားဟောပြောပွဲ လူအုပ်ကြီးထဲရောက်ရှိသွားပြီးတဲ့နောက်ပိုင်း သူ့အ သက်(၂၅)နှစ်မှာပဲ စစ်တပ်ထဲ ခြေစုံပစ်ဝင်ခဲ့ပါတော့တယ်။

စစ်တပ်ထဲမှာ သဘောကောင်းသူအဖြစ် လူချစ်လူခင်ပေါပါတယ်။ ဆေးလိပ်နဲ့အရက်သောက်ခြင်း ရဲ့ဆိုးကျိုးကိုရှင်းပြပြီး မိတ်ဆွေရဲဘော်တွေကို မပြုလုပ်ဖို့တိုက်တွန်းသလို သူတတ်တဲ့ပန်းချီပညာနဲ့ပုံတွေဆွဲ ပြီးတပ်သားတွေကိုစိတ်ချမ်းသာအောင်လုပ်တတ်သူမို့တပ်ဖွဲ့ဝင်အားလုံး သူ့ကိုချစ်ခင်လေးစားကြပါတယ်။

ဟစ်တလာဟာ တိုက်ပွဲတွေမှာရဲရင့်ပြောင်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ဒဏ်ရာတွေ နဲ့တကွ အိုင်းရင်းခရော့စ်သူရဲကောင်းဆုဒုတိယအဆင့်(Iron Cross 2nd Class for Bravery Under Fire) နဲ့ပထမအဆင့် (Iron Cross First Class) ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ တိုက်ပွဲမှာယာယီကန်း သွားတဲ့မျက်လုံးကို ဆေးရုံမှာကုသနေစဉ် (၁၉၁၈)ခုနှစ်နိုဝင်ဘာလဆန်း(၉)ရက်နေ့မှာ ဆေးရုံကိုရောက် လာတဲ့သင်းအုပ်ဆရာက နိုဝင်ဘာ(၈)ရက်နေ့မှာဂျာမန်ဘုရင်ကိုင်ဇာ(Kaiser)က နန်းစွန့်ပြီးအခုဆိုရင် ပြည် သူ့ကိုယ်စားလှယ်တွေနဲ့အုပ်ချုပ်တဲ့ သမ္မတနိုင်ငံတစ်ခုဖြစ်သွားပြီဖြစ်ကြောင်း၊ စစ်ပွဲလည်းရှုံးနိမ့်သွားပြီဖြစ် ကြောင်းကို လူတွေကြားအောင် သတင်းစာကို ကျယ်လောင်စွာဖတ်ပြနေပါတယ်။

ဆေးရုံခုတင်စွန်းမှာ မျက်လုံးတစ်ဖက်ပတ်တီးစည်းထားတဲ့ ဟစ်တလာဟာ အဲဒီစကားသံကို ကြား ကြားခြင်း မျက်နှာကိုလက်ဝါးနဲ့အုပ်ရင်း ခေါင်းငိုက်စိုက်ကျသွားပါတော့တယ်။စစ်နိုင်သူတွေ မတရားချုပ် ဆိုခဲ့တယ်လို့ သူယူဆခဲ့တဲ့ ဗာဆိုင်းစာချုပ်ကြောင့် ဂျာမန်အမျိုးသား တွေရဲ့ရင်ထဲမှာ နှစ်ပေါင်း (၂၀) ကြာတစိမ့်စိမ့်နာကျည်းစေခဲ့ပြီး လူဖြစ်ရှုံးခဲ့ရတာကိုလည်း ဟစ်တလာအနေနဲ့ ယူကျုံးမရဖြစ်ခဲ့ရပါတယ်။

ပထမကမ္ဘာစစ်မှာအသာစီးရနေပါလျက် ကွန်မြူနစ်တွေနဲ့လွှတ်တော်နိုင်ငံရေးသမားတွေက နောက် ကျောကိုဓါးနဲ့ထိုးလို့ဂျာမန်တပ်မတော်ကြီးစစ်ရှုံးရကြောင်းနဲ့ ဒီလိုနောက်ကျောဓါးနဲ့ထိုးခံရတဲ့ကိစ္စမှာ ဂျူးလူ မျိုးတွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်ချက်က အဓိကပါဝင်နေတာဖြစ်ကြောင်း သူတစ်ထစ်ချယုံကြည်နေတာမို့ ကွန်မြူနစ်တွေနဲ့ ဂျူးတွေကို အငြိုးကြီးလျက်ရှိနေပါတော့တယ်။

အဲဒီနောက်မှာ မြူးနစ်မှာရှိတဲ့အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်အယူသည်းတဲ့အုပ်စုငယ်တစ်ခုထဲ အသင်းသားအဖြစ် ဝင်ရောက်ခဲ့ပါတယ်။အဲဒီအသင်းကတော့ “အမျိုးသား ဆိုရှယ်လစ် ဂျာမန်အလုပ် သမားပါတီ” ဖြစ်တဲ့ “နာဇီပါတီ” ပဲ ဖြစ်ပါတယ်။ နာဇီပါတီမှာ (၅၅)ယောက်မြောက်အသင်းသားအဖြစ် ဟစ်တလာပါဝင်ခဲ့ပြီး ပါတီတွင်းတိုက်ပွဲအမျိုးမျိုး၊ အခက်အခဲဒုက္ခအဖုံဖုံနဲ့ ရင်ဆိုင်ရင်းပါတီခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီကနေ သူ့ရဲ့ထက်မြက်တဲ့ အဟောအပြောနဲ့ စူးရှရဲရင့်တဲ့နိုင်ငံရေးအမြင်တွေကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေကို အမျိုးသားရေးစိတ်ဓာတ်နိုးကြားအောင် နှိုးဆော်နိုင်မှုရလဒ်အဖြစ် ပြည်သူ့ ထောက်ခံမှုကြောင့် (၁၉၃၃)ခုနှစ်ဂျာမနီနိုင်ငံမှာ နာဇီပါတီကြီးဟာ လူထု(၆)သန်းခွဲရဲ့မဲနဲ့လွှတ်တော်ထဲမှာ အကြီးဆုံး ပါတီကြီးတစ်ခုဖြစ်လာပါတယ်။ဒါကြောင့် ဇန္နဝါရီလ(၃၀)ရက် နေ့မှာ ဟစ်တလာဟာ ရိုက်ချ်ချန် စလာရီ (Reich Chancellery)လို့ခေါ်တဲ့ဂျာမနီနိုင်ငံရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အခုလိုဟစ်တလာရဲ့သမိုင်းကိုလေ့လာကြည့်လိုက်တဲ့အခါ ခေါင်းဆောင်ဖြစ်လာပြီး ဂျာမနီပြည်သူ တွေကို လူနေမှုအဆင့်အတန်းမြင့်မားအောင်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အထိ သူ့ရဲ့သမိုင်းဟာလှပခဲ့ပါတယ်။ ဒီလိုနဲ့(၁၉၃၃)ခုနှစ်မှာ ဘာလင်ရှိရိုက်ချ်စတက်လွှတ်တော်ကြီးမီးလောင်ပြာကျခဲ့တဲ့အခါမှာ တိုင်းပြည်မှာ အင်အားအကြီးဆုံးဖြစ်နေတဲ့ ကွန်မြူနစ်ပါတီအပေါ် ဒီလုပ်ကြံမှုကြီးရဲ့အပြစ်ကိုပုံချလိုက်ပြီး တစ်နိုင်ငံလုံး ဆန္ဒပြကန့်ကွက်မှုနဲ့ ညွန့်ပေါင်းအစိုးရကိုဖျက်သိမ်းလိုက်ပါတယ်။လွှတ်တော်ထဲမှာပြိုင်ဘက်ကင်း“နာဇီပါတီ”

သာရှိတော့ပြီးဟစ်တလာဟာလည်း ပြိုင်ဘက်မရှိ“အာဏာရှင်”တစ်ယောက်ဘဝကို ကျေကျေနပ်နပ်ကြီးခံ ယူခဲ့ပါတယ်။ လွှတ်တော်ကြိးရဲ့မီးတောက်မီးလျှံကို တစ်တိုင်းတစ်ပြည်လုံး မြင်တွေ့ကြားသိရပြီး နောက် တစ်နေ့ကစပြီးဒီမိုကရေစီကျင့်ထုံးတွေဖြစ်တဲ့ လွတ်လပ်စွာပြောဆို၊စည်းရုံး၊ရေးသားခွင့်စတာတွေကို ဖယ် ထုတ်တားမြစ်တဲ့ ဒီမိုကရေစီနာရေးကြော်ငြာအမိန့်တွေထွက်ပေါ်လာပြီး ဟစ်တလာနည်း ဟစ်တလာ ဟန်ဒီမိုကရေစီဖြစ်လာပါတယ်။

ဟစ်တလာကိုယ်တိုင်ရေးသားခဲ့တဲ့သမိုင်းဟာ လှပခဲ့ရာကနေ အဲဒီအချိန်ကနေစပြီး အာဏာနဲ့ရေး သားမိခဲ့တဲ့အတွက် သမိုင်းဟာပျက်စီးစပြုလာရာကနေ သူ့ရဲ့အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်အယူသီတဲ့ အတ္တနဲ့ ဂျူးလူမျိုးတွေအပေါ်အငြိုးကြီးတဲ့အာဃာတတွေကြောင့်ကမ္ဘာ့သမိုင်းမှာ ဂျူးလူမျိုး(၆)သန်း ကျော် သတ်ဖြတ်ခဲ့တဲ့တရားခံအဖြင့် မိမိကိုယ်တိုင်ရေးခဲ့တဲ့သမိုင်းကို မလှမပ အဆုံးသတ်ခဲ့ရပါတော့တယ်။

လူတိုင်းကတော့ ကိုယ့်ဆီကို ရေးတဲ့စာ ကိုယ်ပြန်ဖတ်ရတဲ့တစ်နေ့မှာ ကျန်းမာချမ်းသာပြီး ဘ၀ အနေမြင့်မားလျက်ရှိပါတယ် ဆိုတဲ့စာမျိုးပဲ ဖတ်ချင်ကြပါလိမ့်မယ်။ဒါကြောင့် လူတိုင်းကတော့ ကိုယ့်ဆီ ရေးတဲ့စာဟာ စာကောင်းဖြစ်ချင်တဲ့စိတ်နဲ့ရေးကြတာမို့ စာကောင်းတွေပဲရေးနေမိတယ်လို့ ထင်နေတတ်ကြ ပါတယ်။ ကျွန်တော်တို့ဟာ မိမိအန္တရာယ်ကင်းမယ့်အလုပ်တွေကိုပဲ လုပ်ချင်ကိုင်ချင်ကြပေမယ့် ကျွန်တော် တို့ရဲ့လောဘ၊ဒေါသ၊ဘယာ၊မောဟတွေက ကျွန်တော်တို့ကိုတိုက်တွန်းလှုံ့ဆော် လိုက်တဲ့အခါမှာ မလွှဲသာ မရှောင်သာလို့ ဒါမှမဟုတ်မြိုးမြိုးမြက်မြက်ရလိုက်မယ့်အဖြစ်မို့ဆိုတဲ့အကြောင်းပြချက်နဲ့ မိမိအန္တရာယ်မကင်း မယ့်အလုပ်တွေကိုလည်း လုပ်ကိုင်မိတတ်ပါတယ်။ အန္တရာယ်မကင်းတဲ့အလုပ်တွေကို လုပ်တော့မယ်လို့ကြံ တဲ့အချိန်မှာမိမိကိုယ်မိမိသတ္တိမွေးအားပေးဖို့အတွက် အထိရောက်ဆုံးစကားကတော့“မဖြစ်တန်ရာပါဘူး”ဆို တဲ့ အထင်လွဲစကား ဖြစ်ပါတယ်။ တကယ်မှာတော့ အန္တရာယ်မဖြစ်ရင် တန်တယ်လို့ထင်ရပေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပြီးဒုက္ခရောက်ပြီဆိုရင်တော့ ဘယ်လိုမှမတန်နိုင်တော့ဘဲပေးလျော်ရမယ့်တန်ဖိုးက အင်မတန်ကြီးပါတယ်။ အဲဒီအခါမှာကျွန်တော်တို့ရေးလိုက်တဲ့စာတွေဟာ မထင်တဲ့အငိုက်မှာ စာညံ့တွေ ဖြစ်ကုန်ပါ တော့တယ်။

ဒီလိုသဘောမျိုုးနဲ့ ကိုယ့်ဆီကိုနာပျော်ဘွယ်ကောင်းတဲ့စာတွေရေးနေရာကနေ ဆုံးဖြတ်ချက်မှားပြီး ဘဝလမ်းကြောင်းတိမ်းစောင်းသွားခဲ့ရတဲ့ဇာတ်လမ်းလေးတစ်ပုဒ်လည်း မကြာမတင်သေးတဲ့ကာလက ပေါ် ပေါက်လာပြန်ပါတယ်။

မောင်ရဲဇော်နိုင်ဟာအခြေခံပညာမူလတန်းကျောင်းမှာ အတန်းတိုင်း ပထမ၊ဒုတိယ၊တတိယအဆင့် တွေနဲ့အောင်မြင်ခဲ့ပြီး အလယ်တန်းနဲ့အထက်တန်းတွေမှာ အဆင့်(၁၀) အတွင်းရရှိခဲ့ပါတယ်။သူဟာ (၂၀၁၄-၂၀၁၅)ပညာသင်နှစ်မှာ မော်လမြိုင်မြို့၊ရွှေနတ်တောင်အထက်တန်းကျောင်းက သင်္ချာ၊ဓာတု ဗေဒနဲ့ရူပဗေဒဘာသာတွေမှာ ဂုဏ်ထူးရရှိခဲ့ပြီးဇီဝဗေဒဘာသာရပ်မှာ (၂၇)မှတ်သာရရှိခဲ့လို့ တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးခဲ့ပါတယ်။

(၂၀၁၅-၂၀၁၆)ပညာသင်နှစ်မှာတော့ ပုဂံညောင်ဦးကအဒေါ်ဆီသွားရောက်နေထိုင်ပြီးနေဝန်းပညာ ဘော်ဒါဆောင်ကနေ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုတဲ့အခါမှာ မနှစ်ကအတိုင်း သင်္ချာ၊ဓာတုဗေဒနဲ့ ရူပဗေဒဘာသာတွေမှာ ဂုဏ်ထူးရရှိပြီး စာမေးပွဲအောင်မြင်ခဲ့ပါတယ်။ဒါဟာ မောင်ရဲဇော်နိုင်ရဲ့မိမိကမိမိဆီ ရေးသားပေးပို့လိုက်တဲ့ ပီတိဖြစ်စရာစာတစ်စောင်ဒါမှမဟုတ် မိမိကမိမိအကျိုးအတွက်ဆောင်ရွက်လိုက်တဲ့ ကြိုးစားမှုတစ်ခုပဲ ဖြစ်ပါတယ်။

သို့တစေ မိဘဆင်းရဲနွမ်းပါမှုကြောင့် မိမိဘာသာတက္ကသိုလ်တက်ဖို့ ကျောင်းစရိတ် ရှာလိုတဲ့ အ ကြောင်းပြချက်နဲ့ မူးယစ်ဆေးဝါးသယ်ယူရောင်းချမိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က သတင်းရရှိပြီး ဖမ်းဆီးလိုက် တဲ့အခါမှာ ကိုယ်မှာWY ဆေးပြား ၃၀ပြားရှာဖွေတွေ့ရှိမှုနဲ့ အရေးယူခံလိုက်ရပါတော့တယ်။ တကယ် တော့“မဖြစ်တန်ရာပါဘူး”ဆိုတဲ့အမြင်မှားနဲ့“မလွှဲသာလို့”ဆိုတဲ့ဲဆင်ခြေလေးတစ်ခုကြောင့် မောင်ရဲဇော်နိုင် ရဲ့ကြိုးစားခဲ့သမျှအရာအားလုံး နှမြောစရာကောင်းလောက်အောင် မင်္ဂလာမရှိတဲ့တစ်ဝက်တစ်ပျက် စာတစ် စောင်မျှ ဖြစ်သွားရခြင်းသာဖြစ်ပါတယ်။ ဒီစာကို မောင်ရဲဇော်နိုင်ကိုယ်တိုင် ထောင်နံရံအတွင်းကနေ မ ဖတ်ချင်ဘဲ ပြန်လည်ဖတ်ရှုရပါတော့မယ်။

လူတချို့ဟာ အလုပ်ကို လုပ်တော့မယ်ဆိုတာနဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဆောင်ရွက် တဲ့အတွက် သူတို့ဟာ အနာဂါတ်ရဲ့အဖြေတွေကို ကြိုသိနိုင်သူတွေ ဖြစ်သွားကြပါတယ်။

တကယ်တော့မိမိလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့အလုပ်တစ်ခုရဲ့ နောင်တစ်ချိန်ဖြစ်ပေါ်လာမယ့် အကျိုး ရလဒ်တွေကို ကြိုတင် မသိနိုင်ဘူးဆိုတာ ကျွန်တော်တို့ကိုယ်၌က မိမိအလုပ်အပေါ်မိမိကိုယ်တိုင် မယုံ မရဲဖြစ်နေတဲ့အချက်၊ ပြီးတော့ မိမိရဲ့စွမ်းဆောင်နိုင်စွမ်းရှိမယ့်ဝါသနာကို အသေအချာသိအောင် မကြိုး စားနိုင်တဲ့အချက်၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုမချရဲတဲ့အချက်နဲ့ဝီရိယနဲ့ကြိုးစားချင်စိတ်နည်းပါးမှု တွေဟာ ကျွန်တော်တို့ရဲ့အနာဂါတ်ကို ကြိုတင်မခန့်မှန်းနိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲဒီချို့ယွင်း ချက်တွေကိုပြင်နိုင်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ မျက်မှောက်လုပ်ဆောင်ချက်တွေရဲ့ နောင်ဖြစ် ပေါ်လာမယ့်ရလဒ်တွေကို ကျွန်တော်တို့ အနီးစပ်ဆုံးခန့်မှန်းနိုင်ကြပါလိမ့်မယ်။

စာကိုး
(၁)ကိုယ့်ဆီရေးတဲ့စာနှင့်ဒဿနစာစုများ/(ဆန်းထွန်းသောင်း)
လာဘ်မိုးစွေစာပေ၊ရန်ကုန်၊၂၀၁၃ ဇန္နဝါရီလ၊ ပထမအကြိမ်။
(၂)သမိုင်းကမပြောသော ဟစ်တလာအကြောင်း(ဆောင်းပါး)
(အင်ဒရူးစိုး)၊သူရိယနေဝန်းဂျာနယ်
(၃)သုံးဘာသာဂုဏ်ထူးရှင်ပြောတဲ့ မူးယစ်ဆေးဝါးပုံပြင်(ဆောင်းပါး)
(ခေတ်မင်း) ၊အတွဲ(၁)၊အမှတ်(၁၃)၊ ဟင်္သာဂျာနယ်။

တင်အောင်စန်း(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.