ပေါင်၊ ဇူလိုင် ၅

၂၀၁၅ခုနှစ် ဇွန်လအတွင်းက မုတ္တမ ရဲစခန်းမှဖမ်းဆီးမှ လောင်းကစားအမှုဖြင့် အရေးယူထားသော အမျိုးသမီးကိုးဦးနှင့် အိမ်ရှင်အမျိုးသားတစ်ဦးတို့၏အမှုကို တစ်နှစ်ကျော်ကြာစစ်ဆေးပြီးနောက် ပေါင်မြို့နယ်တရားရုံးမှ ထောင်ဒဏ်များချမှတ်ခဲ့သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ မုတ္တမမြို့ကော့စိုင်ရပ် ဘူတာလမ်းနေ မျိုးခိုင်(ခ)ယမ်းဘီးဆိုသူအိမ်၌ လောင်း ကစားဝိုင်းပြုလုပ်နေကြောင်း သတင်းအရ မုတ္တမ ရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်သက်စိုးဦးနှင့် အဖွဲ့က သက်သေများနှင့်အတူ ၂၇-၆-၂၀၁၅ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကြေးငွေ (၂၉၈၅၀)ကျပ်နှင့် ဖဲချပ် (၁၀၄)ချပ် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါအမှုကို တရားလိုဒုရဲအုပ်သက်စိုးဦးမှတိုင်တန်းချက်အရ မုတ္တမရဲစခန်း (ပ)၇၁/၂၀၁၆လောင်း ကစားဥပဒေပုဒ်မ ၁၃ (က)/၁၄(က)တို့အရအရေးယူထားပြီး ပေါင်မြို့နယ်တရားရုံးသို့ စွဲတင်ခဲ့စဉ် ရာကြီးမှု အမှတ် ၄၀၁/၂၀၁၅ ဖြင့်လက်ခံစစ်ဆေးခဲ့ရာ တစ်နှစ်ကျော်ကြာပြီးနောက် ဇူလိုင် (၅)ရက်နေ့တွင် ပေါင်မြို့နယ်တရားသူကြီးဦးမြင့်ဦးရုံးမှ အိမ်ရှင်အပါအဝင်လောင်းကစားသူများအား ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

လောင်းကစားအိမ်ပိုင်ရှင် မျိုးခိုင် (ခ)ယမ်းဘီလူးအား ထောင်ဒဏ် တစ်နှစ်နှင့်နှစ်လ၊ ဖဲလောင်းကစား သူ အမျိုးသမီး(၉)ဦးတို့ကို လောင်းကစားဥပဒေပုဒ် မ၁၃(က)အရ ထောင်ဒဏ်(၈)လစီကျခံစေရန် ပေါင်မြို့နယ်တရားသူကြီး ဦးမြင့်ဦး ကမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ်တွင် အမျိုးသမီးများပါဝင်သော ဖဲဝိုင်း(၃)ခု ဖမ်းဆီးအရေးယူထားခဲ့ပြီး ယခုနှစ်စပိုင်းက ထောင်ဒဏ် (၉)လစီချမှတ်ထားခဲ့ပြီး ယခုအမှုတွင်ထောင်ဒဏ်(၈)လစီကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အပြင် ပန်းကုန်းကျေးရွာမှ ဖမ်းဆီးထားသောအမှုကို ပေါင်ရဲစခန်းတွင် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.