တီဟီရန်၊ ဧပြီ ၈
အမေရိကန်က တိုက်ခိုက်ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားတဲ့ တံတားတွေနဲ့ ဓာတ်အားပေး စက်ရုံတွေအနီးမှာ အီရန် နိုင်ငံသားတွေ တန်းစီပြီး လူသားတန်းဆက် ပြုလုပ်နေကြပါတယ်။
အီရန် အာဏာပိုင်တွေက လူငယ်တွေအနေနဲ့ အမေရိကန် တိုက်ခိုက်လာနိုင်တဲ့ နေရာတွေ အနီးမှာ လူသားတန်းဆက် ပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပြီးနောက် အခုလို လူတန်းကြီးတွေ မြင်တွေ့လာရတာ ဖြစ်ပါတယ်။
မြို့တော် တီဟီရန်အနီးရှိ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအပါအဝင် တံတားတွေပေါ်မှာ အီရန် နိုင်ငံသားတွေ နိုင်ငံတော် အလံကို လွှင့်ပြီး လူတန်းကြီးတွေ ဖန်တီးနေပုံကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က နိုင်ငံကို ကာကွယ်ဖို့ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်ဖို့ စာရင်း ပေးထားသူ ၁၄ သန်း ရှိတယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တစ်ညတည်းနဲ့ အီရန် လူထုအားလုံး သေကြေပျက်စီးကြရ လိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် အီရန် ပြည်သူတွေရဲ့ အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင် တိုက်ခိုက်ပြီးနောက် အီရန်က ကမ္ဘာ့ လောင်စာ စီးဆင်းမှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားပါတယ်။
အဆိုပါ ရေလက်ကြား ပြန်လည် ဖွင့်လှစ်နိုင်ရေး ထရန့်က အီရန်ကို ဆက်တိုက် ဖိအားပေးနေပြီး နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင် သဘောတူညီမှု မရယူရင် အရပ်ဖက် အခြေခံ အဆောက်အဦတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အီရန် အာဏာပိုင်တွေက လူငယ်တွေ၊ အားကစားသမားတွေ၊အနုပညာရှင်တွေ ၊ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပါမောက္ခတွေ အားလုံး လူတန်းကြီး ဖန်တီးရာမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒီလို လုပ်ဆောင်တာတွေ ရှိနေပေမယ့် အမေရိကန် တိုက်ခိုက်လာနိုင်ခြေကြောင့် တီဟီရန်ကနေ ထွက်ပြေးဖို့ ပြင်ဆင်နေသူတွေလည်း ရှိနေပါတယ်။
ဒီအတောအတွင်း ကြားဝင် ညှိနှိုင်းပေးနေတဲ့ နိုင်ငံတွေက အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု မရအောင် အစ္စရေးက ဗုံးကြဲ တိုက်ခိုက်မှာကို စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ပါကစ္စတန်ရဲ့ ကြားဝင် ဖြန်ဖြေမှုနဲ့ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး အမေရိကန် သမ္မတရဲ့ ကြိုတင် မှန်းဆလို့မရတဲ့ အခြေအနေကို ဝေဖန်ထားကြပါတယ်။
အီရန်ရဲ့ ရထားလမ်းတွေ ခါ့ခ်ကျွန်းရှိ ရေနံ တင်ပို့ရာနေတွေ လေကြောင်း တိုက်ခိုက်ခံရပြီးနောက် အီရန် တော်လှန်ရေး အစောင့်တပ်က ထိန်းသိမ်းနိုင်မှု အတိုင်းအတာ ကျော်လွန်သွားပြီလို့ ပြောထားပါတယ်။
အီရန်က စစ်ပွဲ အဆုံးသတ်ဖို့ ကြိုးပမ်းနေပေမယ့် နောက်ထပ် တိုက်ခိုက်မှု လုံးဝ မလုပ်ဖို့ အပါအဝင် အချက်အလက်တော်တော်များများ တောင်းဆိုထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ အခြေအနေတွေ ဆက်လက် ရှုပ်ထွေးနေချိန် အရှေကတောင်အာရှ ဒေသတွေမှာ လောင်စာ ပြတ်လပ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး တချို့နိုင်ငံတွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး ဖြစ်ပါတယ်။
ဒီအတောအတွင်း အီရန်ကို အပြီးသတ် ချေမှုန်းရေး ပင်လယ်ကွေ့ နိုင်ငံတွေက အမေရိကန်ကို တိုက်တွန်းထားတယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်နေပါတယ်။
Ref:BBC

