ရေး၊ ဧပြီ ၈
မွန်ပြည်နယ် ရေးမြို့နယ် မီးတိုင်တက်ကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေလုပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ ညက ရေးမြို့နယ် ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး တစ်လုံးဟာ မီးတိုင်တက်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးတိုင်တက်ကျေးရွာက အသက် ၄၀ ကျော်အရွယ် ရေလုပ်သား သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီး ထိမှန်သေဆုံးသူတွေဟာ မီးတိုင်တက်ရွာခံတွေမဟုတ်ဘဲ မြဝတီအပါအဝင် အခြားဒေသတွေကနေ ရွှေပြောင်းလုပ်သားတွေအဖြစ် လာရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

