နေပြည်တော် ၊ ဧပြီ ၇

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ နိုင်ငံတော် သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်နဲ့ အမျိုးသမီးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုကို အဆိုပြုထားပါတယ်။

ဧပြီ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်‌ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက အဆိုပြုလာတဲ့ ပြည်‌ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၁ ခု လျာထားပြီး ပြည်ထောင်စုဝန်ကြီး ၃၀ ဦးနဲ့ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဝန်ကြီးဌာနသစ်တချို့ ပါဝင်လာသလို တချို့ဝန်ကြီးဌာနတွေကိုတော့ နှစ်ခု ပြန်ပေါင်းထားပြီး စစ်ကောင်စီနဲ့ စစ်ကော်မရှင် လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတချို့လည်း ပြန်လည်ပါဝင်လာတာ‌ တွေ့ရပါတယ်။

အထူးသဖြင့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို နှစ်ခုစီခွဲပြီး ဆက်သွယ်ရေးဝန်ကြီးဌာနကိုတော့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေါင်းစည်းထားတာပါ။ အရင်က အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာနကနေ အခုအခါမှာ ဝန်ကြီးဌာနတစ်ခုစီအဖြစ် ဖွဲ့စည်းသလို အမျိုးသမီးဝန်ကြီးဌာနကိုလည်း အသစ်ဖွဲ့စည်းလာတာပါ။

ဒါ့အပြင် SME လုပ်ငန်းနဲ့ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနနဲ့ ပေါင်းစည်းကာ စက်မှုနဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဖြစ် အဆိုပြုထားတာ တွေ့ရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ ဥပဒေရေးရာဝန်ကြီးဌာနတို့လည်း အစိုးရသစ်မှာ ပြန်လည်ထည့်သွင်းလာတာပါ။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ်မှာ သာသနာရေးတစ်ခုသာ သီးခြားဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပြီး ယဉ်ကျေးမှုကိုတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးမှာ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ကျန်တဲ့ဝန်ကြီးဌာနတွေအဖြစ် ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး ၊ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပို့ဆောင်ရေးဝန်ကြီးဌာနတို့လည်း ပါဝင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားတဲ့ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတို့လည်း နဂိုအတိုင်း တည်ရှိပြီး နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလူမျိုးရေးရာ၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ပြန်ကြားရေး၊ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ လျှပ်စစ်နဲ့ စွမ်းအင်၊ လဝက၊ အလုပ်သမား၊ စီးပွားကူးသန်း၊ ဆောက်လုပ်ရေးနဲ့ လူကယ်ပြန် စတဲ့ ဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

တစ်ဘက်မှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနဲ့ ဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်းတို့ကိုလည်း အမည်စာရင်းတင်သွင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.