မော်လမြိုင် ၊ ဧပြီ ၇
ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ နိုင်ငံတော် သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ကို ဝန်ကြီးဌာန ခုနှစ်နဲ့ ဖွဲ့စည်းဖို့ လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
ဧပြီ ၆ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ စစ်ခေါင်းဆောင် ပေးပို့လာတဲ့ ဝန်ကြီးဌာနအရေအတွက်ကို ကန့်ကွက်သူမရှိဘဲ အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။
ဝန်ကြီးဌာန ခုနှစ်မှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာနနဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။
စစ်ခေါင်းဆောင် ပေးပို့တဲ့ ဝန်ကြီးဌာနတွေထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆောက်လုပ်ငန်းနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန အမည်စာရင်းတွေတော့ ပါဝင်လာခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာလည်း မွန်ပြည်နယ်အစိုးရ အဖွဲ့ကို ဝန်ကြီးဌာန ခုနှစ်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဝန်ကြီးဌာန ရှစ်ခုနဲ့ ပြောင်းလဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာတော့ စစ်ခေါင်းဆောင် အမည်စာရင်းပေးပို့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဦးဆောင်မယ့် ပြည်ထောင်စုအစိုးရအဖွဲ့ကိုတော့ ဝန်ကြီးဌာန ၃၁ ခု၊ ပြည်ထောင်စု ဝန်ကြီး ၃၀ ဦးနဲ့ ဖွဲ့စည်းသွားဖို့ လွှတ်တော်ထံ အဆိုပြုတင်သွင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

