ဝါရှင်တန်၊ မတ် ၂၈
အီရန်ရဲ့ ကျယ်ပြန့်တဲ့ ဒုံးကျည်လက်နက်တိုက်ရဲ့ သုံးပုံ တစ်ပုံကို ဖျက်ဆီးပစ်နိုင်တဲ့ကြောင်းပဲ အမေရိကန်က အသေအချာ အတည်ပြုနိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးနဲ့ နီးစပ်သူ ၅ ဦးက ပြောပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု တစ်လပြည်တော့မယ့် အချိန်မှာ အခုလို အတည်ပြုနိုင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နောက်ထပ် သုံးပုံတစ်ပုံရဲ့ အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးပေမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲဒီ ဒုံးကျည်တွေဟာ မြေအောက် ဥမင်လိုဏ်ခေါင်းတွေ၊ မြေအောက်ကျင်းတွေထဲ မြေမြှုပ်ပြီး ဖြစ်သွားဖွယ် ရှိတယ်လို့ သတင်းရင်းမြစ်တွေထဲက ၄ ဦးက ပြောပါတယ်။
သတင်းအချက်အလက် အတိမ်းအစောင်းမခံနိုင်တာကြောင့် အဲဒီ သတင်းရင်းမြစ်တွေက အမည်မဖော်ဘဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ ဒရုန်းစွမ်းပကားနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းဟာလည်း အခုလိုနည်းအတိုင်းပဲ သုံးပုံ တစ်ပုံလောက်ကိုပဲ ဖျက်ဆီးနိုင်သေးကြောင်း သေချာသလောက် အတည်ပြုနိုင်တယ်လို့ သတင်းရင်းမြစ်တွေထဲက တစ်ဦးက ပြောပါတယ်။
အရင်က သတင်းထွက်ပေါ်မလာခဲ့ဖူးတဲ့ အဲဒီ အကဲဖြတ်မှုမှာ အီရန်ရဲ့ ဒုံးကျည် အများစု ဖျက်ဆီးခံလိုက်ရပြီ ဒါမှမဟုတ် သုံးလို့ မရတော့ဘူးလို့ ဖော်ပြထားပါတယ်။
အီရန်ဟာ ဒုံးကျည် တီထွင်နိုင်စွမ်းရှိနေဆဲ ဖြစ်ပြီး တိုက်ခိုက်မှုတွေ ရပ်တန့်သွားတာနဲ့ မြေအောက် မြုပ်သွားတဲ့ ဒုံးကျည် တချို့ကို ပြန်လည် ဖော်ယူနိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အဲဒီ ထောက်လှမ်းရေး သတင်းဟာ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ လူသိရှင်ကြား ပြောဆိုမှုတွေနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။
ထရန့်က အီရန်မှာ ဒုံးကျည် နည်းနည်းလေးပဲ ကျန်တော့တယ်လို့ မတ် ၂၆ ရက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စီးပွားရေးအရ အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြား ဘေးကင်းရေး အနာဂတ် အမေရိကန်ရဲ့ လုပ်ငန်းစဉ်တွေကို အီရန် ဒုံးကျည်တွေနဲ့ ဒရုန်းတွေက အန္တရာယ် ပေးနိုင်ဆဲ ဖြစ်ကြောင်း သူက အသိအမှတ်ပြုပုံရပါတယ်။
အဲဒီ ရေလက်ကြားတလျှောက် အီရန် ကမ်းခြေတွေပေါ်သို့ အမေရိကန် စစ်သားတွေ ချထားမယ်ဆိုရင် စစ်ပွဲက အရှိန်မြင့်လာနိုင်မလားဆိုတာကို ထရန့်က ချိန်ထိုး စဉ်းစားနေပါတယ်။
အီရန် ဒုံးကျည်တွေရဲ့ ၉၉ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်ပြီဆိုရင်တောင် လက်ကျန် ၁ ရာခိုင်နှုန်းက သင်္ဘောတွေကို ပစ်ခတ် တိုက်ခိုက်နိုင်သေးတာကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျနိုင်တယ်လို့ ထရန့်က ပြောပါတယ်။
ဒါကြောင့် ၁ ရာခိုင်နှုန်း လက်ကျန် ရှိနေတာဟာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ထရန့်က မတ် ၂၆ ရက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားတာပါ။
စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီလို့ ပင်တဂွန် အရာရှိ တစ်ဦးကလည်း ပြောပါတယ်။
အမေရိကန် စစ်တပ် ဗဟိုကွပ်ကဲရေး ဌာနရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ရေတပ် ထတ်လုပ်ရေး စက်ရုံတွေ၊ သင်္ဘောကျင်းတွေရဲ့ ၆၆ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးသွားပြီလို့လည်း အဲဒီ အရာရှိက ပြောပါတယ်။
အီရန်သာ ဉာဏ်ကောင်းခဲ့မယ်ဆိုရင် သူတို့မှာ ရှိသမျှ အရာရာတိုင်းကို ထုတ်သုံးပြီး တိုက်ခိုက်မှာ မဟုတ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
Ref:Reuters

