ခတ္တမန္ဒူ၊ မတ် ၂၈

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီကို နီပေါ ရဲတပ်ဖွဲ့က မတ် ၂၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ ဆန္ဒပြပွဲတွေကြောင့် နီပေါ အစိုးရပြုတ်ကျခဲ့ပြီး ရွေးကောက်ပွဲ အသစ်တွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

မြို့တော် ခတ္တမန္ဒူရဲ့ ဆင်ခြေဖုံးအရပ်ရှိ သူရဲ့ နေအိမ်မှာ သြဇာကြီးမားတဲ့ ကွန်မြူနစ် ခေါင်းဆောင် ရှာမာ အိုလီကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့သူလို့ စွပ်စွဲခံထားရတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ရာမတ်ချ် လီဟတ်ကိုလည်း ဖမ်းဆီးထားပါတယ်။

လက်ရှိ ပြည်ထဲရေးဝန်ကြီး ဆူဒန် ဂူဂုန်းက အခုလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ လူမှုမီဒီယာပေါ်မှာ ကြေညာထားပါတယ်။

ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိပါဘူး။ ဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ရာမတ်ချ် လီဟတ်တို့ကို ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိလိုက်ပါပြီလို့ ဝန်ကြီး ဂူရုန်းက ပြောပါတယ်။

ဒါက ဘယ်သူ့ကိုမှ လက်စားချေတာမဟုတ်ပါဘူး။ ဒါက တရားမျှတမှု စတင်လိုက်တာပဲ ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

အစိုးရဖွဲ့စည်းထားတဲ့ ကော်မရှင် တစ်ရပ်ရဲ့ စုံစမ်းစစ်ဆေးမှုက အိုလီ၊ လီဟတ်နဲ့ ဆန္ဒပြပွဲများ ဖြစ်ပွားချိန်က ရဲမှူး အဖြစ် တာဝန်ယူခဲ့သူတွေကို ထောင် ၁၀ နှစ်အထိ ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီ ပုဂ္ဂိုလ်တို့ရဲ့ နေအိမ်တွေကို အကြမ်းဖက်နှိမ်နှင်းရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ရဲအရာရှိတွေ ကားတွေနဲ့ လာရောက်ဖမ်းဆီးပြီးနောက် ခတ္တမန္ဒူဒေသဆိုင်ရာ ရဲရုံးသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

အိုလီနဲ့ သူ့ရဲ့ ပြည်ထဲရေးဝန်ကြီး ရာမတ်ချ် လီဟတ်တို့ကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အုမ် အက်ဟီကာရီက အတည်ပြုပါတယ်။

ရက်ပ်အဆိုတော် တစ်ဖြစ်လည်း နိုင်ငံရေးသမား ဘာလန်ဒရာ ရှားဟာ မတ် ၅ ရက်က လွှတ်တော် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် မတ် ၂၇ ရက်က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း အိုလီရဲ့ အစိုးရကို ပြုတ်ကျစေခဲ့တဲ့ ၂၀၂၅ လူထုအုံကြွမှု နောင်ပိုင်း ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲပြီးနောက် ရှားနဲ့သူ့ရဲ့ ဝန်ကြီးများ အဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး တစ်ရက်အကြာမှာ အခုလို ဖမ်းဆီးမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လွှတ်တော် အဆောက်အဦနဲ့ အစိုးရရုံးတွေ မီးတင်ရှို့ခံရပြီးနောက်တစ်ရက်မှာ ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ပျံ့နှံ့သွားခဲ့ပြီး အိုလီဦးဆောင်တဲ့ အစိုးရ ပြုတ်ကျခဲ့ရတာဖြစ်ပါတယ်။

ဆန္ဒပြပွဲ နှိမ်နှင်းမှုတွေအတွက် အရာရှိတွေကို ဥပဒေအရ အပြစ်ပေးရေး နီပေါ အစိုးရသစ် ထောက်ခံတဲ့ အစီရင်ခံချက်တစ်ရပ်က အကြံပေးထားပါတယ်။

အိုလီဦးဆောင်တဲ့ အစိုးရဟာ ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တာမျိုး မရှိပေမယ့် ပစ်ခတ်နှိမ်နှင်းမှုတွေကို တားဆီးဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ တစ်ခုမှ မလုပ်ဆောင်ဘဲ လျစ်လျူရှုနေခဲ့တာကြောင့် အသက်မပြည့်သေးသူတွေတောင် သေဆုံးခဲ့ရကြောင်း အဲဒီ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ရှားနဲ့ ပြည်ထဲရေးဝန်ကြီး ဂူရုန်းတို့က သတ်ဖြတ်ခံရသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေအတွက် တရားမျှတအောင် လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။

ဂျန်နရေးရှင်းဇက် တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က နီပေါလ်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် တရားရုံး အငြိမ်းစား တရားသူကြီး ဆူရှီလာ ကာကီကို ယာယီအစိုးရ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး အသွင်ကူးပြောင်းရေး ကာလကို ဦးဆောင်စေခဲ့တာ ဖြစ်ပါတယ်။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.